ဖားကန့်မြို့ မရှီကထောင်ကျေးရွာတွင် ယမန်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်ကဖမ်းဆီးသွားသည့် လူငယ်နှစ်ဦးကို မည်သည့်နေရာတွင် ဖမ်းချုပ်ထားသည်ကို မသိရသေးကြောင်းသိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ဆယ်ဦးဝန်းကျင်ခန့် အိမ်စီးကားသုံးစီးဖြင့် ခခူးကွန်ပျူတာပုံနှိပ်ဆိုင်သို့ ဝင်ရောက်လာကာ အလုပ်သမားနှစ်ဦးကို ဖမ်းဆီးသွားကြောင်း မရှီကထောင်ကျေးရွာနေ လူငယ်အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဆိုင်ထဲကို စစ်သားတွေ ဝင်သွားတာကိုတော့ တွေ့လိုက်ရတယ်။ ထွက်လာတော့ ဆိုင်ကအလုပ်သမားကလေးနှစ်ယောက်ကို ဖမ်းခေါ်သွားတယ်။ဘာကြောင့်ဖမ်းသွားတာလဲ မသိရသေးဘူး” ဟုပြောသည်။

ဆိုင်အတွင်းရှိ တန်ဖိုးရှိပစ္စည်းများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကယူဆောင်သွားကြောင်း ကျောက်အရောင်းအဝယ်ပြုလုပ်နေသူတစ်ဦးက ပြောသည်။

“ဒီနေ့ထိ အဆက်အသွယ်မရသေးဘူးဗျ။ ရပ်ကွက်လူကြီးတွေနဲ့လိုက်မေးနေတယ်လို့ပြောတယ်။ ဆိုင်ထဲမှာရှိတဲ့ ဖုန်းနဲ့ ကွန်ပျူတာနှစ်လုံးကိုလည် ယူသွားပေးတယ်”ဟုပြောသည်။

ဖမ်းဆီးခံရသူနှစ်ဦးမှာ အသက် ၂၀ ဝန်းကျင် လူငယ်နှစ်ဦးဖြစ်ပြီး အဆိုပါကွန်ပျူတာဆိုင်တွင် အလုပ်လုပ်နေသူဖြစ်သည်။

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KIA စစ်ရေးတင်းမာနေသည့်အပြင် စစ်ကောင်စီတပ်က ဒေသခံပြည်သူများနှင့် လမ်းသွားလမ်းလာများကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေသည်။

သတင်း – Pe Ti
ပုံ – ဖားကန့်ဒေသက လုပ်ကွက်တစ်ခုတွင် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကိုတွေ့ရစဉ်။

သင့်ထင်မြင်ချက်ရေးပေးပါ