ဗန်းမော်မြို့၊ ခွန်သာရပ်ကွက် မိုးမလင်းဈေးတွင် ယနေ့ နံနက် ရှစ်နာရီခန့်က ပိုင်ရှင်မဲ့အမျိုးသားအလောင်း တစ်လောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။
ရုပ်အလောင်းတွင် ပြင်ပထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာရရှိခဲ့ခြင်းမရှိဘဲ သေဆုံးနေခြင်းဖြစ်ပြီး သေဆုံးသူသည် မူးယစ်ဆေးသုံးစွဲသူဖြစ်နိုင်ကြောင်း အလောင်းကောက်ခဲ့သူတစ်ဦးက The 74 Media ကိုပြောသည်။

“ဘယ်ချိန်လောက်ကတည်းက သေနေသလဲတော့ မပြောနိုင်ဘူး။ သူ့ခန္ဓာကိုယ်မှာလည်း ဘာဒဏ်ရာမှမရှိဘူး။ ဆေးကြောင့် ဒီတိုင်းပဲသေနေတယ်လို့ထင်တယ်။ အဲ့နားဝန်းကျင်က အဲ့လိုမျိုး အိမ်မရှိယာမရှိ အလေအလွင့်တွေအများကြီးရှိတယ်” ဟုပြောသည်။

သေဆုံးသူသည် အသက် ၄၀ ကျော်အရွယ်ဖြစ်ပြီး လက်ရှိအချိန်တွင် ပိုင်ရှင်မပေါ်သေးဘဲ ဗန်းမော်မြို့ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ပို့ဆောင်ထားပြီး ဆရာဝန်နှင့် ရဲများစစ်ဆေးပြီးချိန် ပိုင်ရှင်မဲ့အလောင်းအဖြစ် သင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့ကလည်း ဗန်းမော်မြို့ရှိ အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ပိုင်ရှင်မဲ့အမျိုးသားအလောင်းတစ်လောင်းတွေ့ခဲ့ကြောင်းသိရသည်။

သတင်း – Dureng
ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ