မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ်အစိုးရရုံးတွင် ယနေ့ကျရောက်သည့် ၇၆ နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားကို ဖိတ်ကြားထားသူများသာတက်ရောက်ခွင့်ရပြီး လုံခြုံရေးတင်းကြပ်စွာဖြင့် ကျင်းပခဲ့ကြောင်းသိရသည်။

ကချင်ပြည်နယ်နေ့အခမ်းအနားမကျင်းပမှီ ပြီးခဲ့သည့် ရက်သတ္တပတ်မှစတင်ကာ မြစ်ကြီးနားမြို့တွင် လုံခြုံရေးတင်းကြပ်ထားကာ ယနေ့တွင်လည်း ပြည်နယ်အစိုးရရုံးအနီးပတ်ဝန်းကျင်နှင့် မြစ်ကြီးနားမြို့အနှံ့ လုံခြုံရေးများစွာချထားကြောင်း မျက်မြင်တွေ့ရှိသူ မြို့ခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“တစ်ချို့လမ်းတွေဆို ပိတ်ထားတာ။ ရဲရော၊ စစ်သားရော၊ ယာဉ်ထိန်းရဲတွေပါ ပါတယ်။ လမ်းသွယ်သေးသေးလေးတွေမှာဆိုရင်တော့ နှစ်ယောက်သုံးယောက်ရှိတာပေါ့။ လမ်းမကြီးဘေးမှာတွေဆိုရင် ၁၀ ယောက် ၁၅ ယောက်လောက်ထိရှိတယ်” ဟုဆိုသည်။

ဖိတ်စာရရှိသူများသာ ကချင်ပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက်ခွင့်ပြုကြောင်း အခြားမြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။

“မနောပွဲကတော့ မနေ့ မနက် ၈ နာရီကနေ စကကြတယ်၊ ဒီနေ့တော့ နောက်ဆုံးပေါ့။ သူတို့(စစ်ကောင်စီ) ဖိတ်တဲ့သူတွေပဲ သွားလို့ရတယ်။ ဖိတ်စာနဲ့ လက်မှတ်တွေလည်း စစ်တယ်၊ အဓိကတော့ လည်ဆွဲပေါ့။ အဲ့ဒီလည်ဆွဲမှာ အမှတ်စဉ် ဘယ်လောက်၊ ဘယ်လောက်ဆိုပြီးပါတယ်လေ၊ အဲ့ဒါနဲ့ ဝင်ကြတာ။ ဒီညကတော့ ညစာစားပွဲပေါ့” ဟု ပြောသည်။

စစ်ကောင်စီပြုလုပ်သည့် ကချင်ပြည်နယ်နေ့အခမ်းအနားကို စစ်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ မ.ပ.ခ တိုင်းမှူးဟောင်းနှင့် လက်ရှိနယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဒေါ်ဒွဲဘူ၊ ဦးဂျန်ဖန်နော်တောင်နှင့် အဖွဲ့ဝင် စုစုပေါင်း ၁၄ ဦးတက်ရောက်ကြောင်း သိရသည်။

စစ်ကောင်စီက ယခုနှစ် ကချင်ပြည်နယ်နေ့အခမ်းအနားကို မနောင်ပွဲများ၊ အားကစားပြိုင်ပွဲများအပြင် လမ်းဖွင့်ပွဲ၊ ပန်းခြံဖွင့်ပွဲများဖြင့် သုံးရက်ကျင်းပခဲ့ခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၇၄ နှင့် ၇၅ နှစ်မြောက် ကချင်ပြည်နယ်နယ်နေ့ အခမ်းအနားများကိုလည်း လုံခြုံရေးတင်းကြပ်စွာဖြင့် မြစ်ကြီးနားမြို့ရှိ ပြည်နယ်အစိုးရရုံးတွင်ကျင်းပခဲ့သည်။

သတင်း – Thu Ta
ဓာတ်ပုံ – စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာန။

သင့်ထင်မြင်ချက်ရေးပေးပါ