ပူတာအိုမြို့နယ်၊ လုံရှာယန်ကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည်စခန်းချနေထိုင်သောကြောင့် တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေကြောင်းသိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလက စစ်ကောင်စီတပ်ဖွဲ့ အင်အား ၈၀ ခန့်ဖြင့် လုံရှာယန်ကျေးရွာရှိ စခန်းအဟောင်းကို ပြန်လည်ပြုပြင်ကာ စခန်းချနေထိုင်ရန်ပြင်ဆင်နေသောကြောင့် ကျေးရွာအတွင်းတိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေရသည်ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“စခန်းလုပ်တာကတော့အရင်က စခန်းဟောင်းမှာဟုတ်တယ်။ သူတို့အဲ့စခန်းမှာ မနေတော့တာက ရှစ်နှစ်၊ ကိုးနှစ်လောက်ရှိပြီ။ အစကတော့ သစ်တုံးတွေနဲ့လုပ်တာ ခုတော့ ဘက်ဟိုးတွေလာပြီး အခိုင်အမာလုပ်နေတာဟုတ်တယ်။ သူတို့အခုလိုလာနေလို့ ဘယ်ချိန်များ အသံတွေထွက်လာမလဲလို့ ကြောက်နေကြတာ။ ပြီးတော့ ရွာကဒေသခံတွေကို စစ်ဆေးမေးမြန်တာတွေဖမ်းဆီးတာတွေလုပ်လာမလားလို့ ကြောက်နေတာ” ဟုပြောသည်။

လက်ရှိအချိန်ထိ စစ်ကောင်စီတပ်စခန်းဆောက်လုပ်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘုန်းကြီးကျောင်းနှင့် ဒေသခံများ၏နေအိမ်များတွင် နေထိုင်နေကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျေးရွာအတွင်းနေထိုင်နေသောကြောင့် ကျေးရွာအတွင်းလွတ်လပ်စွာသွားလာနိုင်ခြင်းမရှိဘဲ အမြဲသတိထားနေရကြောင်း ဒေသခံအခြားအမျိုးသားတစ်ဦးကဆက်ပြောသည်။

“သူတို့ရှိနေရင်တော့ တစ်ရက်ရက်တော့ တိုက်ပွဲဖြစ်လာမှာပဲလို့တော့ ထင်ပါတယ်။ လက်ရှိနိုင်ငံရေးနဲ့နှိုင်းပြီးတော့ ခန့်မှန်းမိတာပေါ့။ အခုလည်း အဲ့စခန်းကုန်းနဲ့နီးတဲ့နေရာက ဒေသခံတွေက တစ်ခြားရွာဘက်ကို တိမ်းရှောင်ဖို့စိတ်ကူးနေကြတဲ့သူတွေလည်း ရှိကောင်းရှိနိုင်တယ်” ဟုပြောသည်။

ကျေးရွာအတွင်းရောက်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မချမ်းဘော့အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ – ၁၃၇) တပ်မှ တပ်ဖွဲ့ဝင်များနှင့် ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့များလည်း ပါဝင်ကြောင်း ဒေသခံများထံမှ သိရသည်။

ပူတာအိုမြို့နယ် လုံရှာယန်ကျေးရွာသည် မြစ်ကြီးနား – ပူတာအိုကားလမ်းမဘေးတွင်တည်ရှိသောကျေးရွာဖြစ်ပြီး ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ မကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိသော ကျေးရွာဖြစ်သည်။

သတင်း – Dureng

ဓာတ်ပုံ – စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။(ပုံဟောင်းဖြစ်သည်)

 

သင့်ထင်မြင်ချက်ရေးပေးပါ