ကချင်ပြည်နယ်၊ မံစီမြို့နယ်တွင် ယနေ့ နံနက် ၁၁ နာရီခန့်က မင်္ဂလာပွဲကျင်းပနေချိန် စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နေအိမ်သုံးလုံးပျက်စီးခဲ့ပြီး အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စီအူကျေးရွာဘုန်းကြီးကျောင်းရှိ ခန်းမဆောင်တွင် ဧည့်ခံကျွေးမွေးနေချိန်တွင် စစ်ကောင်စီတပ်ကတိုက်လေယာဉ်တစ်စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ထမင်းကျွေးနေတဲ့အချိန် ထမင်းကုန်သွားတာလို့ ထမင်းသွားချက်နေတဲ့အချိန် ခန်းမကိုလာကြဲသွားတာ။ ခန်းမမှာအမျိုးသမီးနှစ်ဦးပဲရှိတာ။ သူတို့ကတော့ ဒဏ်ရာရတာပေါ့။ ဒါပေမဲ့ စိုးရိမ်စရာမလိုဘူး ရှပ်ထိထိသွားတာပေါ့” ဟုဆိုသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၅၃ နှစ်အရွယ် အမျိုးသမီးနှင့် အသက် ၂၈ နှစ်ရွယ် အမျိုးသမီးတို့၏ လက်တွင် ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

စီအူကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီကလေကြောင်းမှ အကြောင်းမဲ့လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု အခြားဒေသခံ အမျိုးသားတစ်ဦးကဆက်ပြောသည်။

“လေယာဉ်ပေါ်က စက်သေနတ်နဲ့လည်း ပစ်တယ်။ အဲ့ဘက်က ဘာတိုက်ပွဲမှ မရှိဘူး၊ ပြည်သူတွေပဲ ရှိတဲ့နေရာပါ။ ရွာမှာ မင်္ဂလာဆောင်လုပ်တာ စားသောက်ဖို့ ပြင်ဆင်နေတဲ့အချိန် ဘေးနားမှာပဲ လာကျလို့တော်သေးတယ်၊ ခန်းမပေါ်ကျရင်တော့ အများကြီးထိမှာ” ဟုဆိုသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ကလည်း ဗန်းမော်မြို့ ဧရာဝတီမြစ်အနောက်ဘက်ကမ်းအလယ်ကျွန်းရှိ မိုးစိမ်းကျွန်းနှင့် မိုင်းကာကျေးရွာကို စစ်ကောင်စီ အကြောင်းမဲ့လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးခဲ့သည်။

စီအူကျေးရွာမှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအစပ် ဗန်းမော်-မံစီ-မန္တလေး လမ်းမကြီးပေါ်တွင်တည်ရှိပြီး မံစီမြို့နှင့် မိုင် ၃၀ ခန့်အကွာတွင်တည်ရှိသည်။

သတင်း – Thu Ta၊ Pan Soon

ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ