လောက်ကိုင်မြို့ရှိ စေတီတစ်ဆူကို MNDAA ဝတ်စုံဝတ်ဆင်ထားသော လူတစ်ဦးက သံတူဖြင့်ရိုက်ထုဖျက်ဆီးနေသော ရုပ်သံဖိုင်နှင့်ပတ်သက်ပြီး တောင်းပန်ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်စစ်ရေးကော်မတီက ယနေ့ နေ့စွဲဖြင့် သတင်းထုတ်ပြန်လိုက်သည်။

စေတီတော်ကို ရိုက်ထုဖျက်ဆီးခြင်းသည် MNDAA က အမိန့်ပေးစေခိုင်းခြင်းမဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရလုပ်ဆောင်သော လုပ်ရပ်ဖြစ်ပြီး လက်အောက်ငယ်သားများ၏ တပ်စည်းကမ်းညံ့ဖျင်းမှုနှင့် အရည်အချင်းမရှိသော လုပ်ဆောင်မှုအတွက် တောင်းပန်ကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

ထိုအပြင် MNDAA အနေဖြင့် လွတ်လပ်သောဘာသာရေးကိုးကွယ်မှုကို လေးစားလိုက်နာပြီး ဘာသာရေးများကို ဆန့်ကျင်ခြင်းနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦးများကို ဖျက်ဆီးရန် အမိန့်ပေးခြင်းများလုံးဝမရှိကြောင်း ထုတ်ပြန်ထားသည်။

ကျူးလွန်သူကို MNDAA စစ်ရေးကော်မတီက စစ်ဆေးအပြစ်ပေးရန် ညွှန်ကြားထားကာ MNDAA အရာရှိနှင့် စစ်သည်တော်များအနေဖြင့် ဘာသာရေးလွတ်လပ်မှုကို လေးစားရန်နှင့် ဘာသာရေးအဆောက်အအုံများကို အလေးထား ကာကွယ်ပေးရန် ညွှန်ကြားထားကြောင်း သိရသည်။

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရန်ချာနယ်များတွင် စေတီကို တူနှင့်ရိုက်ထုပြီးဖျက်ဆီးနေသည့် ရုပ်သံဖိုင်နှင့်ပတ်သက်ပြီး ရဟန်းတော်များသမဂ္ဂ(မန္တလေး)နှင့် ဗုဒ္ဓဘာသာဝင်များက ယနေ့ မန္တလေးမြို့တွင် ရှုတ်ချကြောင်း ဆန္ဒပြခဲ့ကြောင်း ရေးသားဖော်ပြနေသည်။

အဆိုပါရုပ်သံဖိုင်သည် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က လောက်ကိုင်မြို့ကို သိမ်းပိုက်ပြီးနောက်ထွက်ပေါ်လာသော ရုပ်သံဖိုင်ဖြစ်သည်။

သတင်း – Dureng

ပုံ – စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချာနယ်များတွင်ဖော်ပြခဲ့သော ဆန္ဒပြပုံများကိုတွေ့ရစဉ်။

 

သင့်ထင်မြင်ချက်ရေးပေးပါ