ဖားကန့်မြို့နယ်တွင် ယနေ့ နံနက် ကိုးနာရီခွဲခန့်က အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကချင်လွတ်မြောက်ရေးတပ်(KIA) က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ ၁၁ ဦးအရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

ကံဆီးဗျူဟာကုန်းမှ ဖိုးဝီးကားတစ်စီးဖြင့် ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA တပ်မဟာ (၉)၊ တပ်ရင်း (၆) တပ်ဖွဲ့ဝင်များက မှော်ပုံကျေးရွာအနီးရှိ ဥရုဒူဘိုင်းစားသောက်ဆိုင်အနီး မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အရှင်ဖမ်းနိုင်ခဲ့ကြောင်း KIA နှင့် နီးစပ်သူတစ်ဦးက The 74 Media ကို ပြောသည်။

“စကစ(စစ်ကောင်စီ)တွေ ဖိုးဝီးနှစ်ခန်းတွဲကားမှာ ငါးထည့်တဲ့ ရေခဲပုံးမှာ သေနတ်တွေထည့်ထားပြီးဆင်းလာတာ။ အဲ့ဒါကြောင့် အရှင်ဖမ်းနိုင်ခဲ့တာပေါ့။ စစ်ကူလာတဲ့အဖွဲ့ဖြစ်မယ်။ ပြန်လွတ်မလား၊ ဖမ်းထားမလားတော့ မသိသေးဘူး၊ တပ်ရင်း (၆) ဘက်ခေါ်သွားပြီ” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်ဝတ်ဖြင့် သွားလာခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကြားခဲ့ရကြောင်း မှော်ပုံကျေးရွာနေ ကျောက်စိမ်းရောင်းဝယ်သူတစ်ဦးကဆက်ပြောသည်။

“ဖိုးဝီးကားတစ်စီး ခဲရောင်ဟုတ်တယ်၊ လူဆယ်ယောက်လောက်တင်ထားတာ၊ လမ်းသွားရင်းတောင် တွေ့လိုက်သေးတယ်။ စကစ(စစ်ကောင်စီ) အရပ်ဝတ်နဲ့ပဲ အရင်နေ့ကတည်းက သွားလာနေကြတာ။ ဒီမနက်တော့ ဥရုဒူဘိုင်းကို ဖြတ်သွားပြီးတဲ့နောက် ပစ်ခတ်ကြတာ။ လက်နက်ကြီးသံတော့ သုံးလေးချက်နဲ့ လက်နက်ငယ်သံတွေလည်း ကြားရတယ်။ ကားကို အဲ့နားမှာပဲ ထားပြီးတော့ လူဆယ်ယောက်ကိုတော့ တောင်ပေါ် ဖမ်းခေါ်သွားပြီတဲ့” ဟု ပြောသည်။

KIA တပ်ဖွဲ့ဝင်များ အရှင်ဖမ်းဆီးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးတွင် အမျိုးသမီးတစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။

ဖားကန့်မြို့နယ်ရှိ ဝှေခါကျေးရွာနှင့် နန့်တိန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို KIA တပ်က ဇန်နဝါရီလ ၆ ရက်နေ့က သွားရောက်တိုက်ခိုက်ခဲ့ပြီး ယနေ့ထိ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

သတင်း – Pan Soon
ပုံ – ၂၀၂၁ ခုနှစ် မတ်လက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖားကန့်မြို့တွင် တွေ့ရစဉ်။

သင့်ထင်မြင်ချက်ရေးပေးပါ