မြစ်ကြီးနား – ဖားကန့်လမ်းပေါ်ရှိ နန့်တိန်ကျေးရွာတွင် ယနေ့ နံနက် ခုနှစ်နာရီအချိန်ခန့်ကစပြီး စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ လေးရက်မြောက်နေ့အထိ တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်းသိရသည်။

KIA ပူးပေါင်းတပ်က ဖားကန့်မြို့နယ် နန့်တိန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို သွားရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး ကျေးရွာပတ်လည်တွင် နေရာယူထားကြောင်း ပျားအုံကျေးရွာနေ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“KIA ဘက်က ရွာပြင်မှာ အကုန်နေရာချထားတယ်။ စစ်ကောင်စီက သူတို့တပ်စခန်းထဲမှာ လက်နက်ကြီးတွေနဲ့ပဲပြန်ခံပြီးပစ်နေတာ ဟုတ်တယ်။ဒေသခံတွေကတော့ လေယာဉ်လာမှာကိုပဲ စိတ်ပူနေတယ်”ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားနေသဖြင့် ဖားကန့် – မြစ်ကြီးနား လမ်းပိုင်းအား ခေတ္တပိတ်ထားကြောင်းနှင့် မြစ်ကြီးနားဘက်သို့ ဆင်းမည့်ကားများလည်ပြန်ခေါက်ခဲ့ရကြောင်း ကားဆရာတစ်ဦးကဆက်ပြောသည်။

“ဒီမနက်ဆင်းသွားတဲ့ ကားတွေ  ပိတ်မိနေနေတယ်။ တချို့က ပြန်ခေါက်ခဲ့ပြီ။ တိုက်ပွဲဖြစ်နေတော့ လမ်းကဘယ်လိုမှဖြတ်မရဘူး။ တက်လာတဲ့ကားတွေကိုလည် ပြန်လှည့်ခိုင်းနေတယ်လို့သိရတယ်”ဟုပြောသည်။

ဖားကန့်မြို့နယ်ရှိ နန့်တိန်စစ်ကောင်စီစခန်းကို KIA က သွားရောက်တိုက်ခိုက်နေသည်မှာ လေးရက်ခန့်ရှိပြီဖြစ်ပြီး ယနေ့ နံနက်ပိုင်းတွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောသည်။

“တိုက်ပွဲကပြန်ဖြစ်တယ်။ (စခန်း) သိမ်းနိုင်တဲ့အခြေအနေတော့ မသိရသေးဘူး” ဟုပြောသည်။

လေးရက်တာတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေကို မသိရသေးပါ။

ပြီးခဲ့သည့် ဇန်နဝါရီလ ၆ ရက်နေ့မှစတင်ကာ ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်က ဖားကန့်မြို့နယ် ဝှေခါကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနှင့် နန့်တိန်စခန်းကို တစ်ပြိုင်နက်သွားရောက်တိုက်ခိုက်ခြင်းဖြစ်သည်။

သတင်း – Pe Ti, Doi Awng

ပုံ – ကချင်ပြည်နယ် ရှေ့တန်းတစ်နေရာမှ KIA တပ်ဖွဲ့ဝင်နှစ်ဦးကိုတွေ့ရစဉ်။ (ပုံဟောင်းဖြစ်သည်)

 

သင့်ထင်မြင်ချက်ရေးပေးပါ