ကျောက်စိမ်းကုမ္ပဏီများက ဖားကန့်မြို့ ရှရော်ခကျေးရွာအတွင်း ညသန်းခေါင်ယံအချိန် လာရောက်မြေစာစွန့်ပစ်သည့် ဆူညံသံများကြောင့် ဒေသခံပြည်သူများက ညအိပ်မရဘဲ အခက်အခဲဖြစ်နေကြောင်း သိရသည်။

ရှရော်ခကျေးရွာအတွင်းရှိ စိတ္တသုခဘုန်းကြီးကျောင်းအနီး ညနေ (၆) နာရီခန့်မှ နံနက် (၇) နာရီအထိ မြေစာများလာရောက်စွန့်ပစ်နေကြခြင်းဖြစ်ပြီး မြေစာသွန်သည့်အသံနှင့် ကားသံများအလွန်ဆူညံကြောင်း အဆိုပါကျေးရွာနေ ရေမဆေးသမားတစ်ဦးက The 74 Media ကိုပြောသည်။

“ညဆိုအိပ်မရဘူးဗျာ။ မြေစာမကျအောင် ပိတ်တဲ့ကားနောက်ပိတ်က အသံက တော်တော်ကိုကျယ်တယ်။ သူတိုအလုပ်မပြီးမချင်းတော်တော်ကို ဆူညံတယ်” ဟုသူကပြောသည်။

အဆိုပါနေရာကို စုပေါင်းရှယ်ယာဆိုဒ်ကုမ္ပဏီတွေက တစ်ညလျှင် မြေစာကာအစီး ၇၀ ထက်မနည်း လာရောက်မြေစာစွန့်ပစ်လေ့ရှိကြောင်း သိရသည်။

ဒေသခံပြည်သူများက မြေစာလာရောက်စွန့်ပစ်ခြင်းမပြုလုပ်ရန် ကုမ္ပဏီတာဝန်ရှိသူများကို သွားရောက်ပြောဆိုခဲ့သော်လည်း တာဝန်ရှိသူများကခွင့်ပြုထားသည်ဟု ပြန်လည်ပြောကြားခဲ့ကြောင်း အသက် ၅၆ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ရွာဘုန်းကြီးကျောင်းဘက်ကို သွန်ချနေတာ မသွန်ဖို့သွားပြောတော့လည်း အထက်ကခိုင်းလိုလုပ်တာပါတဲ့။ ဒီနှစ်မိုးတွင်းတော့ ရေကြီးနိုင်ချေပိုများတယ်။ ချောင်းမှန်သမျှဖို့လိုလေ။ ကျေးရွာကလူကြီးတွေနဲ့ ပေါင်းလုပ်ကြတာပါ” ဟုပြောသည်။

မြေစာစွန့်ပစ်နေခြင်းနှင့်ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများကို သွားရောက်ပြောဆိုသော်လည်း တစ်စုံတရာပြန်လည်တုံ့ပြန်လာခြင်းမျိုးမရှိကြောင်း ဒေသခံပြည်သူများထံကသိရသည်။

လက်ရှိအချိန်တွင် ဖားကန့်မြို အေးမြသာယာအုပ်စု ရှရော်ခကျေးရွာတွင် စွန့်ပစ်မြေစာများမှာ ပေ ၆၀ ခန့်ကျယ်ပြီး အမြင့်ပေ ၄၀ ခန့်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လကလည်း ရှရော်ခကျေးရွာတွင် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများက ကျေးရွာများအနီးမြေစာစွန့်ပစ်ခြင်းကို ကန့်ကွက်ကြောင်းဆန္ဒပြခဲ့သည်။

ဥရုချောင်းတစ်လျှောက်တွင် ကျောက်မျောတိုက်ခြင်းအပြင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အောက်တိုဘာလမှစတင်ကာ မြေစာသွန်ခြင်း၊ ချောင်းအတွင်းမြေစာများဖို့ကာ မြေစာကားများသွားလာနေသဖြင့် ချောင်းတိမ်ကောလာမည်ကို ဒေသခံများစိုးရိမ်နေကြသည်။

ထိုအပြင်နှစ်စဉ်မိုးရာသီတွင်‌ ချောင်းရေလျှံကာ ဖားကန့်မြိုပေါ်ရပ်ကွက်များဖြစ်သည့် လုံးခင်း၊ မှော်စီစာ၊ မြိုမနှင့် ငှက်ပျောတောရပ်ကွက်များတွင် ရေဝင်ရောက်သောကြောင့် ဒေသခံပြည်သူ နှစ်ထောင်ခန့်မှာ ရေဘေးဒုက္ခကြုံတွေ့နေရသည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ