မြစ်ကြီးနားမြို့တွင် ဖိုင်ဘာအင်တာနက်လိုင်းအချို့ ယနေ့ညနေ ၄ နာရီခန့်မှစတင်ကာ ပြန်လည်ရရှိနေပြီဖြစ်ကြောင်း သိရသည်။

MPT လိုင်းမှတစ်ဆင့်ချိတ်ဆက်ကာ ပြန်လည်ဖြန့်ဝေနေခြင်းဖြစ်ပြီး အွန်လိုင်းဂိမ်းသမားများအတွက် အဆင်ပြေမည်မဟုတ်ကြောင်း KNET အင်တာနက်ဝိုင်ဖိုင်ရုံးမှ ဝန်ထမ်းတစ်ဦးက The 74 Media ကိုပြောသည်။

“ကျွန်တော်တို့လည်း အခုမှစမ်းသုံးနေတုန်းဟုတ်တယ်။ ဂိမ်းသမားတွေအတွက်တော့ အဆင်မပြေလောက်သေးဘူး။ အခုမှစမ်းသပ်နေတုန်းဆိုတော့ အရမ်းကြီးတော့ မကောင်းလောက်သေးဘူး။ လိုင်းကတော့ ပျက်တာကြာပြီဆိုတော့ မိမိအိမ်တွေမှာ မလာရင်လည်း ဖုန်းဆက်အကြောင်းကြားလို့ရတယ်” ဟုပြောသည်။

လက်ရှိမြစ်ကြီးနားမြို့တွင် မနောင့်လင့်ဝိုင်ဖိုင်၊ မိုင်နက် (MYNET) ဝိုင်ဖိုင်၊ KNET ဝိုင်ဖိုင်နှင့် အမ်ပီတီ(MPT) ဆင်းကတ်ဝိုင်ဖိုင်များ ပြန်လည်ရရှိနေပြီဖြစ်ကြောင်း သိရသည်။

ပြန်လည်ရရှိလာသည့် ဝိုင်ဖိုင်အင်တာနက်များမည်သည့်အချိန်ထိအသုံးပြုနိုင်မည်ကို အတိအကျမပြောနိုင်သေးကြောင်းနှင့် မြစ်ကြီးနားမြို့ပေါ်ရှိ အချို့ရပ်ကွက်များတွင် အင်တာနက်လိုင်းမရရှိသေးကြောင်း မိုင်နက်သုံးစွဲသူတစ်ဦးက ပြောသည်။

“လိုင်းပေါ်မှာတော့ရပြီလို့ပြောတယ်။ ဒါပေမဲ့ ဒီဘက်က မီးသာစိမ်းနေတာအင်တာနက်က မရသေးဘူး။ ပြန်လည်းလုပ်ကြည့်ပြီ၊ မရသေးဘူး” ဟုပြောသည်။

ကချင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှစတင်ကာ ဝိုင်ဖိုင်အင်တာနက်လိုင်းများ ပျက်တောက်သွားပြီး နှစ်လခန့်ကြာပြီးနောက် လိုင်းအချို့ ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။

မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့များတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်နေ့မှစတင်ကာ မိုဘိုင်းလ်အင်တာနက်လိုင်းများ ငါးရက်ကြာပြတ်တောက်ခဲ့ကာ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ပြန်လည်ရရှိခဲ့သော်လည်း အချို့နေရာများတွင် အင်တာနက်ချိတ်ဆက်မှုဆက်လက်နှေးကွေးနေဆဲဖြစ်သည်။

သတင်း – Doi Awng

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ