စစ်ကိုင်းမြို့နယ်အတွင်း သေနတ်ကိုင်ဓားပြတိုက်နေသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ပြီးနောက် PDF တပ်ဖွဲ့ဝင်များဖြစ်သည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ရေးသားဖော်ပြခဲ့ကြောင်း သိရသည်။

မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်း လိုက်လံဖမ်းဆီးနေသော ဓားပြအဖွဲ့ကို ယမန်နေ့ နံနက် ၁၁ နာရီခန့်က ထန်းတောကျေးရွာအနီး စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်လိုက်ခြင်းဖြစ်သည်ဟု ပကဖအဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ကျွန်တော်တို့လည်း လိုက်ဖမ်းနေတာဟုတ်တယ်၊ အဲ့တာကိုသူတို့ (စစ်ကောင်စီ) အရင်ရပြီး PDF ဆိုပြီး တင်တာ။ အဲ့အဖွဲ့က အရင်ကလည်း လောင်းကစားဝိုင်းတစ်ခုဝင်စီးပြီး သားအဖနှစ်ယောက်ရယ်၊ ကားအဖြူတစ်စီးရယ် ယူသွားပြီး သိန်းနှစ်ရာနဲ့လာရွေးခိုင်းတယ်။ ပြီးတော့ နှစ်ယောက်စလုံးကိုသတ်ပြီး ကားရောပိုက်ဆံရော အကုန်ယူပြီး ပြေးသွားတာ” ဟုပြောသည်။

အဆိုပါအဖွဲ့မှာ စစ်ကိုင်းမြို့ပေါ်တွင်လည်း ဓားပြမှုတစ်ကြိမ်ကျူးလွန်ခဲ့ဖူးကြောင်း သူကဆက်ပြောသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွင် အဆိုပါအဖွဲ့နှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး Mark II ကားတစ်စီး၊ လက်လုပ်သေနတ်နှစ်လက်၊ FGC-9 MK 2 သေနတ်သုံးလက်နှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် လေးဦးမှာ လက်နက်ကိုင်ဆောင်ကာ လိုက်လံဓားပြတိုက်နေသူများဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“အဲ့သေသွားတဲ့သူတွေက စစ်ကိုင်းမြို့က ဓားပြအဖွဲ့လို့ပြောတယ်။ သူတို့အဖွဲ့က လက်နက်တွေနဲ့ကို ဓားပြတိုက်တာတဲ့။ စစ်ကောင်စီတပ်ဖွဲ့တွေက ဘာကြောင့် PDF တပ်ဖွဲ့ဝင်တွေလို့ပြောလဲဆိုတာတော့ ကျွန်တော်လည်းသေချာတော့မသိဘူး” ဟုပြောသည်။

လက်ရှိအချိန်တွင် နိုင်ငံရေးတည်ငြိမ်မှုမရှိဘဲ တရားဥပဒေစိုးမိုးမှု မရှိသောကြောင့် ခိုးဆိုးလုယက်မှုများ နေရာအနှံ့တွင်ဖြစ်ပေါ်နေပြီး စစ်ကိုင်းမြို့နယ်တွင်လည်း နေ့စဉ် ရာဇဝတ်မှုကျူးလွန်သူ အများအပြားရှိကြောင်း သူကဆိုသည်။

ပြီးခဲ့သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ကလည်း စစ်ကိုင်းမြို့နယ်၊ စကျင်ကျေးရွာတွင် လက်နက်ကိုင်ဆောင်ထားသော လူလေးဦးက နေအိမ်တစ်အိမ်တွင် သေနတ်ဖြင့်ခြိမ်းခြောက် ဓားပြတိုက်ခဲ့ပြီး ရွှေငါးကျပ်သားနှင့် ပိုက်ဆံ ၁၀ သိန်းကျော်ယူဆောင်သွားကြောင်းသိရသည်။

သတင်း – Dureng

ဓာတ်ပုံ – Ko Thet TLG

 

သင့်ထင်မြင်ချက်ရေးပေးပါ