မြန်မာ့ဂုဏ်ဆောင် အောင်လအင်ဆန်ထံမှ ချန်ပီယံခါးပတ်နှစ်ခုစလုံးကို သိမ်းပိုက်သွားခဲ့သည့် ဒီရစ်ဒါနှင့် ခါးပတ်နှစ်ကွင်းချန်ပီယံ မာလီခင်တို့ မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်အတွက် လာမည့် မတ်လ ၁ ရက်နေ့တွင် ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကာတာနိုင်ငံ၊ ဒိုဟာမြို့ရှိ Lusail Sports Arena အားကစားကွင်းတွင်ကျင်းပပြုလုပ်မည့် One Championship ပြိုင်ပွဲ၏ One 166 ပွဲစဉ်တွင် ထိုးသတ်သွားမည်ဖြစ်သည်။

ထိုပြိုင်ပွဲအတွက် ဝိတ်တန်းနှစ်ခုချန်ပီယံဖြစ်သည့် ရုရှားဖိုက်တာ မာလီခင်က ဒီရစ်ဒါ၏ မစ်ဒယ်ဝိတ်ခါးပတ်ကို စိန်ခေါ်ခဲ့ခြင်းဖြစ်ပြီး အနိုင်ရရှိပါက One Championship သမိုင်းတွင် ပထမဦးဆုံးသော ဝိတ်တန်းသုံးခု ချန်ပီယံဖြစ်လာမည်ဖြစ်သည်။

အသက် ၃၅ နှစ်ခန့်အရွယ်ရှိ မာလီခင်က MMA သိုင်းပေါင်းစုံပြိုင်ပွဲ ၁၃ ပွဲ ထိုးသတ်ထားသူဖြစ်ပြီး ရှုံးပွဲမရှိ စံချိန်တင်ထားသူဖြစ်ကာ ဒီရစ်ဒါကို ပထမပွဲတွင် အလှဲထိုးအနိုင်ယူထားသည်။

သို့သော် ချန်ပီယံ မာလီခင်အနေဖြင့် လိုက်ဟဲဗီးဝိတ်မှ မစ်ဒယ်ဝိတ်ကိုဆင်းလုရမည်ဖြစ်သောကြောင့် မစ်ဒယ်ဝိတ်တန်းတွင် အများဆုံးဟု သတ်မှတ်ထားသည့် ကိုယ်အလေးချိန် ၂၀၅ ပေါင်သို့ လျှော့ချရမည်ဖြစ်သည်။

အသက် ၃၃ နှစ်အရွယ် ဒတ်ချ်လူမျိုး MMA ကစားသမား ဒီရစ်ဒါသည် One Championship တွင် ၂၀၁၉ ခုနှစ်မှ စတင်ဝင်ရောက်ထိုးသတ်ခဲ့ပြီး ၁၂ ပွဲအထိ ရှုံးပွဲမရှိစံချိန်တင်ထားခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလပွဲစဉ်တွင် မာလီခင်ကိုရှုံးနိမ့်ကာ လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကိုစွန့်လွှတ်ခဲ့ရသည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ