တိုက်ပွဲပြင်းထန်နေသည့် ဖားကန့်မြို့နယ်သို့ စစ်ကူရောက်ရှိလာသည့် စစ်ကောင်စီစစ်ကြောင်း ယမန်နေ့ည ၇ နာရီခန့်က ကြားဖြတ်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ကားငါးစီးဖြင့်ချီတက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို နန့်မှော်ကျေးရွာအနီးတွင် ကချင်လွတ်မြောက်ရေးတပ် (KIA) က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသက် ၂၉ နှစ်ခန့်အရွယ်ရှိ မော်လကင်ကျေးရွာဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ဝှေခါဘက်တက်တဲ့အခါတိုက်ခံရတာဟုတ်တယ်။ အခုထိသေနတ်သံတွေကြားနေရတုန်းပဲ။ ရွာနဲ့နီးတယ် လက်နက်ကြီးနဲ့ပါပစ်နေတာ” ဟုပြောသည်။

ဖားကန့်မြို့နယ် ဝှေခါကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနှင့် မြစ်ကြီးနား – ဖားကန့်လမ်းပေါ်ရှိ နန့်တိန်စခန်းတို့ ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်နေ့မှစတင်ကာ ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့်ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး တိုက်ပွဲကြောင့် ကျေးရွာအတွင်းပိတ်မိနေသူများလည်းရှိကြောင်း နန့်မှော်ကျေးရွာဒေသခံတစ်ဦးကပြောသည်။

“လက်နက်ကြီးတွေနဲ့ပဲ ဆက်တိုက်ပစ်နေတာဗျ နှစ်ဖက်တိုက်ပွဲကပြင်းထန်တော့ ရွာထဲကို လက်နက်ကြီးကျလာမှာပဲစိုးရိမ်နေရတယ်” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများရှိပြီး စစ်ကောင်စီစစ်ကြောင်းမှ ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့သည်ဟု ဒေသခံများထံကသိရသည်။၏

ယမန်နေ့ည ၁၂ နာရီခန့်ကလည်း ဖားကန့်မြို့အနီးတွင် သေနတ်ပစ်ခတ်သံများကြားနေရကြောင်း ဒေသခံများကပြောသည်။

ဖားကန့်မြို့မ ရဲစခန်းရှေ့ရှိ ပန်ခြံတွင်လည်း ယမန်နေ့ မွန်းလွှဲ ၁ နာရီကလည်း ဗုံးသုံးထက်မနည်း ပေါက်ကွဲခဲ့ပြီး အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီးနှင့် သေနတ်ပစ်ခတ်သံများကြားခဲ့ရသည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ