ဆိုင်ကယ်ဘေးတွဲတစ်စီးနှင့် ခရီးသည်တင်ကားတိုက်မိသောကြောင့် ယမန်နေ့ည ၅ နာရီခွဲခန့်က နမ္မတီးမြို့တွင် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ကလေးငယ်တစ်ဦး ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နမ္မတီးမြို့အဝင်ရှိ ရှုခင်းသာအဆင်းတွင် မိသားစုသုံးဦးစီးနင်းလာသည့်ဆိုင်ကယ်ဘေးတွဲနှင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“အမျိုးသားကသေသွားတယ်။ ကားကတော့ ရဲစခန်းရောက်သွားပြီထင်တယ်။ ကားသမားကလည်း ဘာမှမဖြစ်ဘူး။ ဆိုင်ကယ်မှာပါတဲ့ကလေးနဲ့မိန်းမက ပွန်းပဲ့ဒဏ်ရာတွေရထားတယ်။ အရမ်းကြီးစိုးရိမ်ရတဲ့အခြေအနေတော့ မရှိဘူးလို့ကြားရတယ်” ဟုပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အသက် ၂ နှစ်အရွယ်ကလေးငယ်နှင့် မိခင်ဖြစ်သူမှာ လက်ရှိမြစ်ကြီးနား ပြည်သူ့ဆေးရုံတွင်ဆေးကုသမှုခံယူနေကြောင်း သိရသည်။

သေဆုံးခဲ့သည့် အသက် ၄၀ နှစ်ခန့်အရွယ်ရှိ အမျိုးသား၏ ရုပ်အလောင်းကို ယနေ့ မွန်းလွှဲ ၁ နာရီခန့်တွင် သင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနား – မိုးကောင်းလမ်းရှိ မရမ်းကျေးရွာအနီးတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကလည်း လင်ခရူဇာကားနှင့် တုန်ဟုန်းကားယာဉ်တိုက်မှုကြောင့် အမျိုးသားနှစ်ဦးနေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

သတင်း – Doi Awng

ဓါတ်ပုံ – လူမှုကူညီရေးအသင်း

 

သင့်ထင်မြင်ချက်ရေးပေးပါ