ဖားကန့်မြို့ရှိ မြို့မရဲစခန်းအနီးတွင် ယနေ့မွန်းလွှဲ ၁ နာရီခန့်က ဗုံးသုံးလုံးထက်မနည်း‌ ပေါက်ကွဲခဲ့ကြောင်းသိရသည်။

ရဲစခန်းရှေ့ရှိ ပန်းခြံအတွင်းကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး လူအထိအခိုက်မရှိဟု အဆိုပါရပ်ကွက်နေ ကျောက်ပွဲစားအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ပန်းခြံထဲကို တည့်တည့်ကျတာဟုတ်တယ်။ ဖုန်တွေအလုံးလိုက် တက်ခဲ့တာ။ လူတော့အထိခိုက်မရှိဘူး။ လက်နက်ကြီးပစ်တဲ့သံဆိုရင် ဘယ်နားကပစ်တာလဲ ကြားရသေးတယ်။ ခုက ဒရုန်းနဲ့ပစ်တာဖြစ်ဖို့များတယ်”ဟုသူကပြောသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဖားကန့်ဗျူဟာကုန်းမှလက်နက်ကြီးနှင့် သေနတ်ပစ်ခတ်သံများကြားခဲ့ရကြောင်း မရှီကထောင်ကျေးရွာနေ အသက် ၂၅ နှစ်ခန့်အရွယ် ဒေသခံတစ်ဦးကဆက်ပြောသည်။

“မြို့ထဲဖြစ်တာဆိုတော့ စျေးဆိုင်တွေလည်းအကုန်ပိတ်ထားကြပြီ။ လမ်းပေါ်မှာ အသွားအလာလည်း သိပ်မရှိတော့ဘူး။ ဗျူဟာကုန်းကနေလည်း လှမ်းထုနေတယ်။ ဘယ်ဘက်ကိုပစ်မှန်းတော့မသိဘူး” ဟုပြောသည်။

ဖားကန့်မြို့နယ် နန့်တိန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနှင့် ဝှေခါကျေးရွာရှိ တပ်စခန်းများကို ယမန်နေ့က ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ခဲ့ရာ နန့်တိန်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့‌ကြောင်းသိရသည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ