တမူးမြို့နယ်၊ ကနန်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့နံနက် ၁၀ နာရီခွဲခန့်အချိန်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးသူငယ်နှစ်ဦးအပါအဝင် ဒေသခံ ကိုးဦးသေဆုံးသွားကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံများ၏ နေအိမ်များကို ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကာ နေအိမ်ခုနှစ်လုံးနှင့် ခရစ်ယန်ဘုရားရှိခိုးကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးခဲ့သည်ဟုညဒေသခံတစ်ဦးကပြော The 74 Media ကိုပြောသည်။

“သေဆုံးတဲ့အလောင်း အခုလောလောဆယ်ထိတော့ ကလေးငယ်အပါအဝင် ကိုးဦးတော့ အတည်ပြုနိုင်တယ်။ သူတို့ရဲ့ ပစ်မှတ်ကဘယ်ကိုလဲတော့ ကျွန်တော်တို့လည်း အတိကျမပြောနိုင်ဘူး၊ သူတို့ရမ်းသမ်းပြီးချသွားတာဗျာ။ ဗုံးကျတာကတော့ ဒေသခံတွေရဲ့ နေအိမ်တွေမှာပဲ ကျတာဗျာ” ဟုပြောသည်။

လက်ရှိအချိန်တွင် မြေပြင်ရှင်းလင်းရေးနှင့် ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်နေပြီး သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိသူပိုမိုများလာနိုင်ကြောင်းသူကဆက်ပြောသည်။

“ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းများတယ်၊ ခြေပြတ်လက်ပြတ်တွေနဲ့ ခေါင်းထိတဲ့သူကထိနဲ့  တော်တော်များတယ်။ အခုလောလောဆယ် ကျွန်တော့်အနေနဲ့တော့ အဲ့ကိုးဦးပဲ အတည်ပြုပေးနိုင်ပေမဲ့ အပျက်အစီးတွေကြားမှာလည်း လူတွေပိမိနေတာတွေရှိတော့လေ အဲ့ကြောင့်အခုရှင်းလင်းနေကြတုန်းပဲ” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက A5 တိုက်လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံးလေးလုံး ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“ပေါင် ၂၅၀ ဗုံးလေးလုံးကြဲခဲ့ဟုတ်တယ်။ ထိခိုက်သေဆုံးတဲ့သူတွေအားလုံး အရပ်သားပြည်သူတွေပဲဟုတ်တယ်။ တော်လှန်ရေးအင်အားစုတွေတော့ အထိခိုက်မရှိပါဘူး။ အဲ့ဗုံးလေးလုံး စလုံးကို တစ်ကြိမ်ထဲမှာပဲလာကြဲသွားတာပါ” ဟုပြောသည်။

တမူးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးအင်အားစုများကြား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ပထမပတ်က ခမ်းပတ်မြို့တွင် ထိတွေ့တိုက်ပွဲနောက် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည်မှာ တစ်လခန့်ရှိပြီးဖြစ်ကြောင်းသိရသည်။

တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာလ ၃ ရက်နေ့က တော်လှန်ရေးအင်အားစုများ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိအချိန်ထိ ထိန်းချုပ်ထားနိုင်ကြောင်းသိရသည်။

သတင်း – Dureng

သင့်ထင်မြင်ချက်ရေးပေးပါ