လောက်ကိုင်မြို့ကို စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် MNDAA ယမန်နေ့ညကထုတ်ပြန်ကြေညာခဲ့ပြီးနောက် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက တပ်မိသားစု၏လုံခြုံရေးကိုစဉ်းစားကာ ဆုံးဖြတ်ခဲ့သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) အပါအဝင် အနီးပတ်ဝန်းကျင်ရှိ တပ်ရင်းတပ်စခန်း အားလုံးမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက “ခွေးတစ်ကောင်၊ ကြောင်တစ်မြီး” ပါမကျန် လက်နက်ချအညံ့ခံခဲ့ကြပြီး ကိုးကန့် (လောက်ကိုင်) တစ်ခွင်လုံးသည် “စစ်ကောင်စီ ကင်းစင်သည့်နယ်မြေ’ ဖြစ်ခဲ့ပြီဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်နက်ချအညံခံခဲ့သူများတွင် ဒကစ (လောက်ကိုင်မှ) အရာရှိ (၂၂၈) ဦး၊ ဗိုလ်မှူးချုပ်အဆင့်ရှိသူ (၆) ဦးအပါအဝင် အခြားအဆင့် (၁၈၉၅) ဦး၊ ပွိုင့် (၂၀၂၂) မှ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၆၆) ဦးနှင့် မိသားစုဝင် (၁၆၀၁) ဦး စုစုပေါင်း ၃၉၉၀ ဦးပါဝင်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ယခုဖြစ်စဉ်မှာ “မြန်မာ့တပ်မတော်” ဟုခေါ်သောစစ်ကောင်စီသမိုင်းတွင် စစ်အာဏာရှင်စနစ် နိဂုံးချုပ်မည့် အကြိုနေ့ရက်များပင်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။

လောက်ကိုင်ဒေသနှင့်ပတ်သက်ပြီး ဒေသခံတပ်မှူးများက အဖက်ဖက်မှစဉ်းစားကာ ဆုံဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပေါ်ပြူလာနယူးစ်သတင်းဌာနသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

“လောက်ကိုင်ဒေသအခြေအနေနဲ့ပတ်သတ်ပြီး အဖက်ဖက်က စဉ်းစားခဲ့ပါတယ်။ စဉ်းစားခဲ့တဲ့နေရာမှာ နံပါတ် (၁) အနေနဲ့ မိသားစုဝင်များရဲ့ လုံခြုံရေးကို စဉ်းစားပါတယ်။ လောက်ကိုင်ဒေသမှာက တပ်မတော်သားအပြင် တပ်မတော်သားတွေရဲ့ မိသားစုဝင်တွေ နေထိုင်တာဖြစ်တယ်။ မိသားစုဝင်တွေရဲ့ လုံခြုံရေးကို ဦးစားပေး စဉ်းစားခဲ့ပါတယ်” ဟု ပြောသည်။

တရုတ် – မြန်မာနယ်စပ် ရှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း စစ်ကောင်စီတပ်နှင့် ကိုးကန့် (MNDAA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ နှစ်လကျော်ခန့်ကြာမြင့်ခဲ့သည်။

ဟိုလောင်ကျေးရွာ၊ ပန်ဟုံကျေးရွာ၊ ကုန်းညောင်ကျေးရွာ၊ အထက် ညောင်ကုန်းကျေးရွာနှင့် နမ္မတူမြိုနယ်၊ မန်ဆာကျေးရွာတို့ကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီးများနှင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။

မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ စစ်ဆင်ရေးကွတ်ကဲမှုဌာနချုပ် (စ.က.ခ ၂၁) နှင့် ခြေလျင်တပ်ရင်း (ခ.လ.ရ ၂၂၃) တို့ တပ်စွဲထားသော ဆင်ကင်(ကျန်ကန်)တပ်စခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့မှစတင်တိုက်ခိုက်ခဲ့ပြီး ယမန်နေ့က အလုံးစုံသိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ