မြစ်ကြီးနားမြို့တွင် ၇၆ ကြိမ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားကို သုံးရက်ကျင်းပသွားမည်ဟု စစ်ကောင်စီ၏ ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ကြေညာလိုက်သည်။

ကချင်ပြည်နယ်နေ့အခမ်းအနားကို မည်သည့်နေရာတွင်ကျင်းပပြုလုပ်သွားမည်ကို ဖော်ပြထားခြင်း မရှိသော်လည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မ.ပ.ခ) အတွင်း ပြင်ဆင်မှုများလုပ်ဆောင်လျက်ရှိကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယခင်နှစ်များတွင် မြို့တွင်းရှိ ပြည်နယ်အစိုးရရုံးတွင် လုံခြုံရေးအပြည့်ဖြင့် ကျင်းပရန် စီစဉ်နေသော်လည်း ယခုနှစ်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မ.ပ.ခ) ဝင်းအတွင်း ပြောင်းရွှေ့ကာ ခိုးကြောင်ခိုးဝှက် ကျင်းပရန် ပြင်ဆင်နေခြင်းဖြစ်သည်။

စစ်ကောင်စီက ဦးစီးကျင်းပမည့် ကချင်ပြည်နယ်နေ့အခမ်းအနားတွင် မနောင်အက အပါအဝင်၊ ပြခန်းပြပွဲများ၊ အားကစားပြိုင်ပွဲများအပြင် လမ်းဖွင့်ပွဲ၊ ပန်းခြံဖွင့်ပွဲများ ထည့်သွင်းကျင်းပသွားမည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်က လုံခြုံရေးအခြေအနေကို စိုးရိမ်သဖြင့် မ.ပ.ခ တွင် ကျင်းပပြုလုပ်ရန် ပြင်ဆင်နေခြင်းဖြစ်နိုင်သည်ဟု ကချင်ဒေသနိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက The 74 Media ကို ပြောသည်။

“ခါတိုင်းနှစ်က ပြည်နယ်အစိုးရရုံးမှာလုံခြုံရေးအပြည့်နဲ့ လုပ်ကြတာ။ ဒီနှစ်က မ.ပ.ခ ထဲ လုပ်မယ်ဆိုတော့ သူတို့ ဘယ်လောက်ကြောက်နေသလဲဆိုတာ ပြတာပဲ။ စကစပွဲမှာ ကိုယ်ကျိုးရှာတဲ့ စီးပွားရေးသမားတွေနဲ့ အနုပညာရှင်တွေသွားကြမှာ မြင်ယောင်နေတယ်” ဟုပြောသည်။

စစ်ကောင်စီတပ်က ဦးစီးကျင်းပမည့် ကချင်ပြည်နယ်နေ့အခမ်းအနားကို ပြည်သူတစ်ရပ်လုံးက ဆန့်ကျင်ကန့်ကွက်သင့်သည်ဟု သူက ဆက်ပြောသည်။

“ကချင်ပြည်နယ်က ငြိမ်းချမ်းနေသယောင်ပြချင်လို့ လုပ်တာ။ သူတို့ (စကစ) ကို ထောက်ခံလာအောင် ကချင်အသိုင်းအဝိုင်းက ဩဇာရှိတဲ့သူတွေကို ခေါ်ပြီးလုပ်မှာလေ။ ဂေါက်ရိုက်ပွဲဆိုရင် လုပ်ငန်းရှင်တွေအဓိက ပါကြမှာ။ ဖျော်ဖြေရေးဆို ကချင်အနုပညာရှင်တွေပါကြမှာ သေချာသလောက်ပဲ။ စကစလုပ်တဲ့ ကချင်ပြည်နယ်နေ့မှာ ပါတဲ့သူတွေက ကချင်ဘိုးဘွားတွေရဲ့ အသက်သွေးကြွေးပေးဆပ်မှုကို စော်ကားတာပဲ” ဟုဆိုသည်။

ပွဲအခမ်းအနားကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် စစ်ကောင်စီအရာရှိများက ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း သတင်းစာတွင်ရေးသားဖော်ပြထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၇၄ နှစ်မြောက်နှင့် ၇၅ နှစ်မြောက် ကချင်ပြည်နယ်နယ်နေ့အခမ်းအနားများကို လုံခြုံရေးတင်းကြပ်စွာဖြင့် မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ်အစိုးရရုံးတွင်သာ ကျင်းပခဲ့သည်။

သတင်း – Thu Ta

 

သင့်ထင်မြင်ချက်ရေးပေးပါ