ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ယနေ့ နံနက် ၅ နာရီခန့်မှစတင်ကာ ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းပစ်ကူများအသုံးပြုနေကြောင်းသိရသည်။

ဝှေခါကျေးရွာကို စစ်ကောင်စီတပ်စခန်းနှင့် မြစ်ကြီးနား – ဖားကန့်လမ်းပေါ်ရှိ နန့်တိန်စခန်းတို့ကို သွားရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်ရှိအချိန်တွင်လည်း တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်ဟု KIA သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“သွားပစ်နေပြီ ဒီမနက်ကတည်းက ကျွန်တော်တို့ဘက်ကဝင်နေတာ တစ်ဝက်ရှိနေပြီတဲ့ ရှေ့တန်းဘက်ကလူတွေပြောတာတာ အကုန်တော့မရသေးဘူး။ အခုတော့လေယာဉ်လာကြဲသွားပြီ နေရာအတိအကျမသိရသေးဘူး” ဟုပြောသည်။

KIA တပ်မဟာ (၉) ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်နေချိန် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် ဝှေခါစစ်ကောင်စီစခန်းကုန်းပေါ်တို့ ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးနှစ်ကြိမ်ကြဲချတိုက်ခိုက်သွားကြောင်း ဒေသခံလူငယ်တစ်ဦးက ပြောသည်။

“လက်နက်သံတွေကကြားနေရတယ်။ ဗျူဟာကုန်းကလည်း လက်နက်ကြီး ပစ်သံတွေကြားရတယ်” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားရာအနီးရှိ ဒေသခံပြည်သူများမှာလည်း ထွက်ပြေးတိမ်းရှောင်နေပြီး လူနေရပ်ကွက်များအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများရှိကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“အဒေါ်တို့တောင် အခုပြေးနေကြတာ အရမ်းဖြစ်နေလို့။ ဆိုင်းဂျာရပ်ကွက်ဆို လက်နက်ကြီးတွေ အရမ်းကျလို့ မရတော့ဘူးလို့ကြားနေတယ်။ လူထိမထိတော့မသိရသေးဘူး” ဟုပြောသည်။

တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည့်နေရာအနီးရှိ အထိအခိုက်အပျက်စီးနှင့်ပတ်သက်ပြီး The 74 Media က ဆက်လက်စုံစမ်းနေသည်။

ဖားကန့်မြို့နယ် နန့်ယားကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အနီးတွင်လည်း ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတင်း – Doi Awng, Zami

သင့်ထင်မြင်ချက်ရေးပေးပါ