ညီနောင်မဟာမိတ်တပ်ဖွဲ့က ယနေ့နံနက် ၁၀ နာရီခန့်က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဟိုပန်မြို့တွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) ဝင်ရောက်လာပြီး မြို့လယ်တွင်အလံလွှင့်ထူထားကြောင်း သိရသည်။

ဟိုပန်မြို့ကိုထိန်းချုပ်နိုင်ခဲ့ပြီးနောက် မွန်းလွှဲ ၁ နာရီခန့်တွင် UWSA တပ်ဖွဲ့ဝင်များက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာခြင်းဖြစ်ပြီး မြို့လယ်တွင် “ဝ” အလံလွှင့်ထူထားသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဆယ်စီးထက်မနည်းဘဲ ကားကြီးတွေနဲ့ လူအင်အားအပြည့်ပါတာ။ အခုမြို့လယ်ခေါင်မှာတော့ ‘ဝ’ တပ် အလံထောင်ထားတယ်။ အရင်ကတည်းက ‘ဝ’ နယ်မြေဆိုတော့ ညီနောင်အဖွဲ့က ‘ဝ’ ကို လွဲပြောင်းပေးတဲ့သဘောထင်ပါတယ်” ဟုဆိုသည်။

အဆိုပါမြို့သည် ကိုးကန့် (MNDAA) က သိမ်းယူထားသည့် ကွမ်းလုံမြို့နှင့် ၁၂ မိုင်ခန့်အကွာတွင်တည်ရှိပြီး ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ပါဝင်သော်လည်း စစ်ကောင်စီက တပ်စွဲနေရာယူထားသော ဒေသဖြစ်သည်။

စစ်ကောင်စီခြေလျင်တပ်ရင်း (ခ.လ.ရ ၁၄၃၊ ၁၄၅) တပ်စခန်းနှင့် ဟိုပန်မြို့မ ရဲစခန်းများကို ညီနောင်မဟာမိတ်တပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ချအညံ့ခံခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်းရှိကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“မနက် ၃ နာရီကျော်လောက်မှာ စပြီးထိုးစစ်ဆင်တာပါ။ မနက် ၁၀ နာရီဝန်းကျင်မှာရဲစခန်းကျပါတယ်။ စစ်ကောင်စီတွေအားလုံး ကျသွားတယ်လို့ကြားတယ် စက်သေနတ်သုံးပြီးကိုပစ်တာဆိုတော့။ စစ်ကောင်စီတွေလက်နက်ချပြီး ဆွေးနွေးပြီးသွားပါပြီ မြို့ကိုသိမ်းလိုက်ပါပြီ” ဟုဆိုသည်။

ဟိုပန်မြို့တွင် လက်ရှိ UWSA တပ်ဖွဲ့ဝင်များအပြင် ညီနောင်မဟာမိတ်တပ်များလည်းရှိနေပြီး မြို့အတွင်းရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းလုပ်ကိုင်သူများကိုလည်း အထကကျောင်းတွင်ဖမ်းဆီး ထိန်းသိမ်းထားပြီး ရှာဖွေမှုများဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်အဖွဲ့များ သိမ်းပိုက်ထားသည့် မြို့နှင့်စစ်စခန်းများမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ သံလွင်မြစ်ကြောင်းတစ်လျှောက်နှင့် အနီးဝန်းကျင်ရှိ ရပ်ရွာများတွင် ဆက်လက်ခိုအောင်းနေခြင်းကြောင့် ထိုနေရာများကို နယ်မြေရှင်းလင်းရေးဆက်လက် လုပ်ဆောင်မည်ဟု ညီနောင်မဟာမိတ်အဖွဲ့က ပြီးခဲ့သည့် နာရီပိုင်းအတွင်းက ထုတ်ပြန်ထားသည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ