ဝိုင်းမော်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက်က ဆေးကုသမှုခံယူသူမဟုတ်သည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်းသိရသည်။

ပြင်ပဒဏ်ရာတစ်စုံတစ်ရာမရှိဘဲ ဆေးရုံလှေကားအောက်တွင် သေဆုံးနေသည့်ရုပ်အလောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု မွန်မြတ်စေတနာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ဆေးရုံကို မနေ့ညကရောက်လာတယ်လို့ပြောတယ် လူနာတွေမြင်တာပေါ့နော်။ ပြီးတော့ အဲ့လှေကားအောက်မှာ အိပ်နေတယ်ဆိုတာတော့သိတယ်။ သူကဆေးသမားတွေရဲ့ ဝမ်းလျှောဘာညာသတကာတွေနဲ့ရင်းထမယ် အဲ့လိုပုံစံသေနေတာဗျာ။ ကျွန်တော်တို့အထင်ပြောရရင် ဆေးသမားပဲထင်တယ်” ဟုပြောသည်။

သေဆုံးနေသူမှာ အသက် ၂၅ နှစ်ခန့်အရွယ်ရှိသူဖြစ်ပြီး မနက်ဖြန်နေ့လယ် ၁၂ နာရီအထိ စောင့်မည်ဖြစ်ကာ ပိုင်ရှင်မပေါ်ပါက ပိုင်ရှင်မဲ့အလောင်းအဖြစ် သင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း သူကပြောသည်။

ရုပ်အလောင်းကို လက်ရှိ ဝိုင်းမော်မြို့နယ် ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကလည်း ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာတွင် ဆေးထိုးအပ်တန်းလန်းဖြင့် သေဆုံးနေသည့် ပိုင်ရှင်မဲ့အမျိုးသားတစ်ဦး၏ အလောင်းကိုတွေ့ရှိခဲ့သည်။

 

သတင်း – Dureng

ပုံ – မွန်မြတ်စေတနာ လူမှုကူညီနေအသင်း FB page

သင့်ထင်မြင်ချက်ရေးပေးပါ