ခေါင်လန်ဖူးမြို့နယ်၊ ခရန်ထီဒမ်းကျေးရွာရှိ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်စခန်းကို တော်လှန်ရေးအင်အားစုများက ယမန်နေ့နေ့လယ်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။

ခရန်ထီးဒမ်းကျေးရွာရှိ ပြည်သူ့စစ်စခန်းကိုပြီးခဲ့သည့် ဇန်နဝါရီလ (၂) ရက်နေ့မှစတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက လေကြောင်းပစ်ကူပေးခဲ့သောကြောင့် ငါးရက်မြောက်နေ့တွင်သာ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု မြေပြင်သတင်းအရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“ဟိုတစ်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ စခန်းကို နေ့လယ်လောက်က သိမ်းလိုက်နိုင်ပြီ။ သိမ်းလိုက်နိုင်တဲ့ အချိန်အတိကျတော့ မသိဘူး၊ နေ့လယ်ပိုင်းလောက်ကလို့ပြောတယ်။ အဲ့စခန်းကပြီးခဲ့တဲ့ နှစ်ရက်နေ့မှာကတည်းက သိမ်းနိုင်ခါနီးမှာ လေယာဉ်နဲ့ပစ်ကူလို့ မသိမ်းနိုင်တာ” ဟုပြောသည်။

အဆိုပါစခန်းကို သိမ်းပိုက်လိုက်နိုင်သော်လည်း ဖုန်းလိုင်းအခက်ခဲကြောင့် မြေပြင်အနေထားနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဆက်လက်ရယူရန် ကြိုးပမ်းနေဆဲဖြစ်သည်ဟု KIA သတင်းအရင်းမြစ်တစ်ဦးက ပြောသည်။

“သတင်းရတာတော့ သိမ်းပိုက်လိုက်ပြီလို့ပြောတယ် ဒါပေမဲ့ အဲ့ဖက်ကလိုင်းမမိလို့ သတင်းအတိကျသိရဖို့ အရမ်းခက်ခဲတယ်။ ကျွန်တော်လည်း သတင်းအတိကျကို ဆက်လက်စုံစမ်းနေတုန်းပဲ။ ကြေးနန်းတော့မလာသေးဘူး” ဟုပြောသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လေကြောင်းပစ်ကူရယူခဲ့သောကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါစခန်းသည် မချမ်းဘော့မြို့နယ် အရှေ့ဘက်ခြမ်းတွင်တည်ရှိပြီး ကချင်လွတ်မြောက်ရေးတပ် (KIA)၊ PDF putao နှင့် ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) တို့က ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

မချမ်းဘော့မြို့နယ်၊ အင်ခါဂါးကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ခေါင်လန်ဖူးဌာနေပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များကလည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်နေ့က စခန်းတွင် ရိက္ခာများချန်ထားကာ စခန်းစွန့်ထွက်ပြေးသွားခဲ့သည်။

သတင်း – Dureng
ဓာတ်ပုံ – ပုံဟောင်းဖြစ်ပါသည် (Credit to rightful owner/s)

သင့်ထင်မြင်ချက်ရေးပေးပါ