တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် ယမန်နေ့ ညနေ ၃ နာရီခန့်က တန့်ဆည်မြို့နယ်မှ ၆ နှစ်ခန့်အရွယ်ကလေးအပါအဝင် ငါးဦးသေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဂျက်ဖိုက်တာဖြင့် ပေါင် ၂၀၀ ဗုံးသုံးလုံးနှင့် ရော့ကတ်သုံးလုံးဖြင့် စိန်းနန်းကျေးရွာသို့ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၂ ဦးမှ သုံးဦးမှာ အခြေအနေစိုးရိမ်ရသည်ဟု တန့်ဆည်စွန်ရဲက The 74 Media ကိုပြောသည်။

“သေဆုံးတဲ့နေရာမှာ ခြောက်နှစ်သားယောက်ျားလေးတစ်ယောက်ပဲပါတယ် ကျန်တာတော့ အားလုံးမိန်းကလေးတွေပဲဟုတ်တယ်။ ဒဏ်ရတဲ့သူတွေလည်း မိန်းကလေးတွေကြီးပဲ။ ကျောင်းရှေ့က နေအိမ်တွေမှာကျတာ အိမ်တစ်လုံးတော့ ရော့ကတ်မှန်ပြီးပြာကျသွားတာပေါ့” ဟုပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူများမှာ လက်ရှိအချိန်တွင် ဆေးကုသမှုခံယူနေပြီး လူနေအိမ်ငါးလုံးနှင့် အဆောင်နှစ်ခုပျက်စီးခဲ့ကြောင်း ဒေသခံများကပြောသည်။

သေဆုံးခဲ့သည့် အသက် ၆ နှစ်ခန့်အရွယ်ရှိ မောင်ထက်မြတ်အောင်၊ အသက် ၅၃ နှစ်ခန့်အရွယ်ရှိ ဒေါ်မီဖွေး၊ အသက် ၄၇ နှစ်ခန့်အရွယ်ရှိ ဒေါ်မိုးအေး၊ အသက်၂၇ နှစ်ခန့်အရွယ်ရှိ မဇင်နွယ်ထွန်းနှင့် အသက် ၂၃ နှစ်ခန့်အရွယ်ရှိ မနိုင်နိုင်ထွန်းတို့ဖြစ်ပြီး ယမန်နေ့က သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည်မှာ တစ်လကျော်ခန့်ရှိပြီဖြစ်ပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းအသုံးပြု ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“ဒီတိုင်းလာပစ်သွားတာ ဘလိုင်းကြီးပေါ့။ အခုလောလောဆယ်တော့ စကစတွေ စစ်ကြောင်းထိုးတာတွေ မရှိဘူး။ တိုက်ပွဲလည်း ၁၁ လပိုင်းမှာနောက်ဆုံးဖြစ်ခဲ့တာ” ဟုပြောသည်။

တန့်ဆည်မြို့နယ်၊ ရွာရှည်(မ)ရွာကိုလည်း ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်က စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပေါင် ၅၀၀ ဗုံးနှစ်ခု ကြဲချတိုက်ခိုက်ခဲ့သောကြောင့် စာသင်ကျောင်းနှင့် ဆေးရုံထိခိုက်ပျက်စီးခဲ့သည်။

သတင်း – Dureng

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ