ဖားကန့်မြို့ နန့်ယားကျေးရွာအနီးတွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်က စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

ထိတွေ့တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီ စစ်ဆေးရေးဂိတ်အနီးတွင် လမ်းများပိတ်ထားသဖြင့် ခရီးသွားကားများ အခြားလမ်းလွှဲမှသွားရသည်ဟု ခရီးသည်အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“အစကတော့ ကားတွေတန်းစီနေတာပဲ။ နောက်တော့ဂိတ်ရှောင်တဲ့လမ်းဆိုလား အဲ့ကနေ သွားလိုက်တာ။ ခရီးသည်ကား အများစုကလည် အဲ့လမ်းကနေပဲသွားကြတာ ” ဟုပြောသည်။

နာရီဝက်ခန့်ကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း နန့်ယားဒေသခံ အသက် (၃၈) နှစ်ခန့်အရွယ်ရှိအမျိုးသားတစ်ဦးကပြောသည်။

“နှစ်ဖက်အပြန်အလှန်ကိုပစ်နေတာ ဂိတ်ဘက်မှာလည်း သေနတ်သံတွေကြားလိုက်ရတယ်။ စစ်တပ်ကအထိနာလို့နေမှာ လက်နက်ကြီးတွေနဲ့ရမ်းထုနေတယ်” ဟုပြောသည်။

ပစ်ခတ်သံများကြားနေရချိန်တွင် ဖားကန့် – နန့်ယားလမ်းကို ဖြတ်သန်းသွားလာခွင့်ပိတ်ခဲ့ပြီး ယနေ့ ညနေ ၃ နာရီခန့်တွင် ပြန်ဖွင့်ပေးခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ် လဝါး – ကာမိုင်းလမ်းဆုံရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကိုလည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ် (KIA) က လက်နက်ကြီးများဖြင့်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

နန့်ယားကျေးရွာတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့က တရားမဝင်ဆက်ကြေးလိုက်လံကောက်ခံနေသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဟုဆိုသူ နှစ်ဦးကိုလည်း အမည်မသိလက်နက်ကိုင် အမျိုသားနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ