စစ်ကောင်စီလက်အောက်ခံ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်နေသောကြောင့် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေကြောင်း သိရသည်။

ခေါင်လန်ဖူးမြို့နယ်၊ ခရန်ထီဒမ်းကျေးရွာရှိ ဌာနေပြည်သူ့စစ်စခန်းကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်နေ့မှစတင် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး စခန်းသိမ်းနိုင်ရန်ကြိုးစားနေဆဲဖြစ်သည်ဟု KIA သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“စခန်းသိမ်းမိခါနီးနီးမှာ လေကြောင်းသုံးခါလာပြီး ဗုံးလာကြဲသွားလို့ပြန်ဆုတ်ပြီးမှ ပြန်ထိုးစစ်ဆင်လုပ်နေတယ်။ အခုထိလက်နက်ကြီးတွေ အပြန်အလှန်ပစ်ပြီး တိုက်ပွဲအရှိန်မြင့်နေတုန်းပဲ” ဟုပြောသည်။

မချမ်းဘော့မြို့နယ် အရှေ့ဘက်ခြမ်းရှိ ခေါင်လန်ဖူးမြို့နယ်၊ ခရန်ထီဒမ်းပြည်သူ့စစ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA)၊ PDF putao နှင့် ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) တို့က ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်အချို့ထိခိုက်ဒဏ်ရာရရှိထားကြောင်း ရှေ့တန်းရောက်ရှိနေသည့် KPF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အထိအခိုက်များတယ်လို့ကြားတယ် ဒဏ်ရာရတဲ့သူတွေ ဆေးကုဖို့ပြန်လာတယ်ထင်တယ်။ KPF တွေတော့ သေဆုံးသူမရှိဘူး ဒဏ်ရာရတဲ့သူတွေပါတယ်။ တခြားအဖွဲ့တွေတော့ မသိဘူး။ အဲ့ဘက်ဖုန်းလိုင်းမရတော့ သတင်းအတိအကျမသိရသေးဘူး” ဟုပြောသည်။

မချမ်းဘော့မြို့နယ်၊ အင်ခါဂါးကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ခေါင်လန်ဖူးဌာနေပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များကလည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်နေ့က စခန်းတွင် ရိက္ခာများချန်ထားကာ စခန်းစွန့်ထွက်ပြေးသွားခဲ့သည်။

သတင်း – May

သင့်ထင်မြင်ချက်ရေးပေးပါ