နောင်ချိုမြို့နယ် သံဘိုကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ယမန်နေ့ နံနက် ၇ နာရီခွဲခန့်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါတပ်စခန်းကို ပြီးခဲသည့် ဇန်နဝါရီလ ၂ ရက်နေ့မှ စတင်ကာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒု-ဗိုလ်မှူးကြီးသက်အောင်ကိုလည်း အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စခန်းသိမ်းတိုက်ပွဲမှ Drone Jammer စက်များအပါအဝင် လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တပ်ဖွဲ့ဝင်အချို့ ကျဆုံးခဲ့ကြောင်း သိရသည်။

သံဘိုစခန်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မွန်းလွှဲ ၂ နာရီခွဲခန့်က စစ်ကူအဖြစ် ပြင်ဦးလွင်မြို့နယ် ကျောက်မဲလေးကျေးရွာမှ ထွက်လာသော ကားသုံးစီးကိုလည်း တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်သေဆုံးမှုများလည်းရှိကြောင်း သိရသည်။

ဗျူဟာမြောက် စစ်ကောင်စီတပ်စခန်းတစ်ခုကို နှစ်သစ်ကူးလက်ဆောင်အနေဖြင့် ပြည်သူထံ ယူဆောင်ပေးနိုင်ခဲ့ခြင်းဖြစ်ပြီး မန္တလေးတိုင်းအတွင်း စစ်ဆင်ရေးများတိုးမြှင့် လုပ်ဆောင်နိုင်ရန်နှင့် “တောင်သမန် စစ်ဆင်ရေး” ဖြင့် စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲများ ဆက်လက်ဖော်ဆောင်နေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓါတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)

သင့်ထင်မြင်ချက်ရေးပေးပါ