ကချင်လွတ်မြောက်ရေးတပ် (KIA) က ပစ်ချခဲ့သည့် စစ်ကောင်စီတပ် ထောက်ပို့ရဟတ်ယာဉ်နှင့် သေဆုံးနေသည့် တပ်ဖွဲ့ဝင်ခြောက်ဦးရုပ်အလောင်းကို ယမန်နေ့မွန်းလွှဲ ၂ နာရီခွဲခန့်က ဝိုင်းမော်မြို့နယ်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

ခလားယာန်ကျေးရွာနှင့် ဖွန်ရဲယာန် (Hpun Re Yang) ကျေးရွာကြားရှိ ဒေသအခေါ် ရှောင်လာန်ဘွမ် (Shau Lang Bum) တောင်ခြေတွင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဗိုလ်မှူးတစ်ဦးကိုဖမ်းဆီးရမိထားသည်ဟု KIA နှင့်နီးစပ်သူတစ်ဦးက The 74 Media ကို ပြောသည်။

“လေယာဉ်က နမ့်ဆန်ယန်နားမှာကျတာ အဲ့မှာစစ်ကောင်စီစစ်သားခုနှစ်ယောက်ပါတဲ့ထဲ အရာရှိပိုင်းလည်း ပါတယ်လို့ပြောကြတယ်။ ဗိုလ်မှူးဆိုတဲ့တစ်ယောက်ကိုတော့ အရှင်ဖမ်းမိထားတယ်တဲ့။ ကျန်တဲ့ ခြောက်ယောက်တော့ ပုံတွေမှာမြင်တဲ့အတိုင်းအဲ့မှာသေနေပြီလေ” ဟုပြောသည်။

ရဟတ်ယာဉ်ကို ယမန်နေ့ နံနက် ၁၁ နာရီ ၅၀ ခန့်က ပစ်ချနိုင်ခဲ့ခြင်းဖြစ်ပြီး တစ်စီးလုံး မီးလောင်ပျက်စီးခဲ့ကြောင်း အခြား KIA သတင်းရင်းမြစ်တစ်ဦးက ဆက်ပြောသည်။

“အကုန်လုံးမီးလောင်သွားတော့ ဘာသယ်လာလဲတောင် မသိရဘူး။ ရဟတ်ယာဉ်လည်း သူ့ပုံစံတောင် မပေါ်တော့ဘူး အကုန်လုံး မီးလောင်သွားတယ်” ဟုပြောသည်။

လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် ရုပ်သံတစ်ခုတွင် ဒဏ်ရာရထားသူတစ်ဦးကိုပြောဆိုနေသည်ဟု ယူဆရသည့် အသံများကို ကြားရသည်။

အဆိုပါရဟတ်ယာဉ်မှာ ယမန်နေ့က မြစ်ကြီးနားမြို့မှ နဖော့တောင်သို့ ရိက္ခာလာပို့သည့် ရဟတ်ယာဉ်နှစ်စီးမှ တစ်စီးဖြစ်ပြီး ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန်ကျေးရွာအနီးရှိ ဒေသအခေါ် နန်ပါခခူးတောင်အနီးတစ်ဝိုက်တွင် ပစ်ချခံခဲ့ရခြင်းဖြစ်သည်။

စစ်ကောင်စီတပ်၏ ထောက်ပို့ရဟတ်ယာဉ် ပစ်ချခံရပြီးနောက် ယမန်နေ့ ညနေ ၅ နာရီခန့်က စစ်ကောင်စီတပ်က လိုင်ဇာမြို့အနီးရှိ လိုင်စင်ကျေးရွာသို့ ဂျက်လေယာဉ် သုံးစင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလကလည်း စစ်ကောင်စီတပ်၏ Mi – 35 တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးကို KIA က ပစ်ချခဲ့ကြောင်း သိရသည်။

သတင်း – Pan Soon, Zami

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ