လူမျိုးကိုအခြေခံသည့် ဖယ်ဒရယ်စနစ်မဟုတ်ဘဲ ဒေသကိုအခြေခံသည့် ဖယ်ဒရယ်စနစ်ကို ဆောင်ရွက်ရမည်ဟု စစ်ကောင်စီဥက္ကဋ္ဌက ယနေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ပြောကြားလိုက်သည်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လွတ်လပ်ရေးနေ့အခမ်းအနားအတွက် ပေးပို့သောသဝဏ်လွှာတွင် အောက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။

“တိုင်းရင်းသား စည်းလုံးညီညွတ်မှုစွမ်းအားကို အားကောင်းစေသည့် စစ်မှန်၍ စည်းကမ်းပြည့်ဝပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုဖော်ဆောင်ရေးတွင် ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံးမှ လေးနက်စွာလိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ လူမျိုးကိုအခြေခံသည့် ဖက်ဒရယ်စနစ်ကို ဆောင်ရွက်ခြင်းမဟုတ်ဘဲ ဒေသကိုအခြေခံသည့်စနစ်ကို အဓိကဦးတည်ဆောင်ရွက်ရမည်ဖြစ်ပါသည်” ဟုထည့်သွင်းရေးသားထားခြင်းဖြစ်သည်။

ထို့အပြင် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားပြည်သူများက ဒို့တာဝန်အရေးသုံးပါးကို လေးနက်စွာခံယူစောင့်ထိန်းကြရမည့် ကျင့်ဝတ်အဖြစ်တည်ရှိနေကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

စစ်ကောင်စီဥက္ကဋ္ဌ၏ ပြောဆိုချက်သည် နိုင်ငံရေးအကြပ်အတည်းမှ ရုန်းထွက်နိုင်ရန် နည်းလမ်းရှာပြောဆိုခြင်းဖြစ်ပြီး စစ်ကောင်စီတပ်တွင် ဖက်ဒရယ်စနစ်ကို လက်ခံကျင့်သုံးလိုစိတ်မရှိကြောင်း ကချင်ဒေသနိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

“လက်ရှိ စစ်ရေးနဲ့ နိုင်ငံရေးအဘက်ဘက်က ဘေးထုတ်ဖယ်ကျဉ်ခံနေရလို့ မင်းအောင်လှိုင်က ဒီလိုပြောတာပါ။ စစ်ကောင်စီတပ်က ဖက်ဒရယ်ဒီမိုကရေစီဆိုတဲ့ အသုံးအနှုန်းတောင် မသုံးနိုင်ဘူး။ လက်တွေ့ဖက်ဒရယ်စနစ်ကို ကျင့်သုံးမယ်ဆိုတာ မဖြစ်နိုင်ဘူး။ တော်လှန်ရေးအဖွဲ့တွေကို ထင်ယောင်ထင်မှားဖြစ်အောင်လုပ်တာပဲ” ဟု သုံးသပ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဩဂုတ်လက ရွှေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဟု ပြောကြားခဲ့သော်လည်း လက်ရှိအချိန်ထိ ကျင်းပပြုလုပ်နိုင်ခြင်းမရှိသေးဘဲ လာမည့် ၂၀၂၄ ခုနှစ်တွင်လည်း ရွှေးကောက်ပွဲအတွက် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုများ ဆက်လက်ပြုလုပ်သွားမည်ဟု ရေးသားထားကြောင်း တွေ့ရသည်။

၂၀၂၀ ရွှေးကောက်ပွဲတွင် မဲမသမာမှုကြောင့် အာဏာသိမ်းခဲ့ခြင်းဖြစ်သည်ဟု ယခင်က အကြိမ်ကြိမ်ပြောဆိုခဲ့သည့်အတိုင်း ယနေ့လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင်လည်း ထပ်မံထည့်သွင်းပြောဆိုခဲ့သည်။

သို့သော် လက်ရှိအချိန်တွင် စစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင့်သည့် တော်လှန်ရေးတပ်ပေါင်းစုများက နိုင်ငံအနှံ့တွင် မြို့သိမ်းတိုက်ပွဲများဆင်နွဲကာ အောင်မြင်မှုများရရှိနေပြီဖြစ်သည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ