ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန်ကျေးရွာအနီး ယနေ့မွန်းတည့် ၁၂ နာရီခန့်က စစ်ကောင်စီတပ်ထောက်ပို့ ရဟတ်ယာဉ်တစ်စီးကို KIA ပစ်ချလိုက်ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်သည် ဒေသအခေါ် နန်ပါခခူးဆိုသည့် တောင်အနီးတစ်ဝိုက်တွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ယုံကြည်ထိုက်သည့် KIA သတင်းရင်းမြစ်တစ်ဦးက The 74 Media ပြောသည်။

“ပျက်ကျတဲ့နေရာ အတိအကျတော့ မသိရသေးဘူး။ တောင်တွေ ကွယ်နေလို့။ ၁၂ နာရီထိုးခါနီးမှာပျက်ကျတာ”ဟုဆိုသည်။

ရိက္ခာလာပို့သည့် ရဟတ်ယာဉ်နှစ်စီးလာရောက်ခဲ့ရာမှ တစ်စီးပစ်ချနိုင်ခဲ့ခြင်းဖြစ်သည်ဟု ရှေ့တန်းမှ အခြား KIA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“မနက်က နှစ်စီးလာတာ တစ်စီးပစ်ချနိုင်ခဲ့တယ်။ KIA ကပစ်ချနိုင်ခဲ့တယ်” ဟုပြောသည်။

စစ်ကောင်စီရဟတ်ယာဉ်တစ်စီး KIA နယ်မြေသို့ ပျံသန်းစဉ်  ပျက်ကျသွားသည့် မြေပြင်သတင်းကို ကြားသိရကြောင်း KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

“ဒီမနက် ၁၁:၅၀ မိနစ်မှာ မြစ်ကြီးနားကနေ နဖော့တောင်ဘက်ကို တက်လာတဲ့ စစ်ကောင်စီရဟတ်ယာဉ်တစ်စီးပျက်ကျသွားတယ်။ ပစ်ချလိုက်တာလား ပျက်ကျသွားတာလားတော့ မသိဘူး။ ပျက်ကျသွားတာကိုတော့ မြေပြင်သတင်းကနေ သိရပါတယ်။ အသေးစိတ်မသိသေးဘူး” ဟုပြောသည်။

လိုင်ဇာမြို့အနီးရှိ ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန်ကျေးရွာတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လမှစတင်ကာ ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ပြီး မြစ်ကြီးနား – ဗန်းမော်လမ်းပေါ်ရှိ ကန်တော်ယန်စစ်ကောင်စီဗျူဟာကုန်းကိုလည်း KIA ကတိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

စစ်ကောင်စီတပ်၏ Mil-35 တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးကိုလည်း ၂၀၂၁ ခုနှစ် မေလတွင် မိုးမောက်မြို့နယ် ကုန်းလောကျေးရွာအနီး KIA က ပစ်ချခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ