တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထု၏ ဟန်ချက်ညီတိုက်ခိုက်တော်လှန်မှုကြောင့် စစ်ကောင်စီတပ်က ခံနိုင်ရည်မရှိတော့ဘဲ စစ်ရှုံးနေပြီဖြစ်ကြောင်း KIO ဥက္ကဋ္ဌ က ပြောကြားလိုက်သည်။

ဗိုလ်ချုပ်ကြီးအင်ဘန်လ၏ ဇန်နဝါရီ ၁ ရက်နေ့တွင် ပြောကြားခဲ့သည့် နှစ်သစ်မိန့်ခွန်းတွင် ၂၀၂၃ ခုနှစ်တွင်တော်လှန်ရေးတပ်ဖွဲ့များ၏ အောင်မြင်မှုသည် ထူးခြားပြောင်မြောက်လွန်းပြီး ၂၀၂၄ ခုနှစ်တွင် အပြောင်းအလဲမြင်ရနိုင်သည်ဟု သုံးသပ်ကြောင်း ထည့်သွင်းပြောကြားထားသည်။

လိုင်ဇာမြို့ မုန်လိုက်ခက်စစ်ရှောင်ပြည်သူများကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းသည် လူစိတ်မရှိသည့် အရိုင်းအစိုင်းလုပ်ရပ်ဖြစ်သည်ဟုလည်း KIO ဥက္ကဋ္ဌက ဆိုသည်။

အဆိုပါဖြစ်စဉ်ကို ပြည်သူတစ်ရပ်လုံးက မမေ့လျော့သင့်ဘဲ အသက်ပေးသွားသည့် ပြည်သူများကို တန်ဖိုးထားလေးစားရမည်ဖြစ်သည့်အပြင် ကျန်ရစ်သည့် မိသားစုဝင်များကိုလည်း ချစ်ခြင်းမေတ္တာဖြင့် အားပေးလက်တွဲကူညီရမည်ဟု တိုက်တွန်းထားသည်။

တော်လှန်ရေးခရီးလမ်းတွင် ပင်ပန်းဆင်းရဲမှုကို ကြုံတွေ့ရနိုင်သဖြင့် မည်သို့သောခက်ခဲမှုမျိုးကိုမဆို လက်မြောက်အရှုံးမပေးဘဲ ကျော်လွားနိုင်ကြရမည်ဟုလည်း ဆိုသည်။

လက်ရှိအနေအထားသည် “ရောင်နီထွက်ခါနီးသဖြင့် မှောင်မိုက်” သည့်ပမာဖြစ်ကြောင်းနှင့် အခက်အခဲနှင့်စိန်ခေါ်မှုများ၊ ထိတ်လန့်တုန်လှုပ်ဖွယ်ရာအဖြစ်အပျက်များကို စည်းလုံးညီညွတ်မှုရှိစွာ ကျော်ဖြတ်ကြရန် တိုက်တွန်းထားသည်။

သတင်း – Hkashi

သင့်ထင်မြင်ချက်ရေးပေးပါ