၂၀၂၃ ခုနှစ် တစ်နှစ်တာကာလအတွင်း ကချင်ဒေသတွင် ထူးခြားဖြစ်စဉ်အများအပြားရှိခဲ့ပြီး သတ္တုတူးဖော်ရေးစီမံကိန်းကို ဝိုင်းဝန်းကန့်ကွက်ဆန္ဒပြမှုများ၊ စစ်ကောင်စီတပ်၏ အရေးပါသည့် စခန်းများတိုက်ခိုက်သိမ်းပိုက်ခံခဲ့ရမှုများ၊ စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင်ပြည်သူများအစုလိုက်အပြုံလိုက် သေဆုံးမှုများအပြင် စစ်ကောင်စီတပ်၏ အောင်မြင်မှုမရှိသော ကချင်လွတ်မြောက်ရေးတပ် (KIO/KIA) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့သိမ်း စစ်ဆင်ရေးတို့ပါဝင်သည်။

တစ်နှစ်တာလုံး၏ ထူးခြားဖြစ်စဉ်များထဲမှ မဖြစ်မနေမှတ်တမ်းတင်ဖော်ပြသင့်သည့် အကြောင်းအရာများကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ရန် The 74 Media က တင်ပြလိုက်ပါသည်။

ဇန်နဝါရီ

========

၂၀၂၃ ခုနှစ်၏ နှစ်သစ်ကူးနေ့ သို့မဟုတ် ဇန်နဝါရီ တစ်ရက်နေ့တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) အဖွဲ့၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လပြောသော နှစ်သစ်မိန့်ခွန်းတွင် စစ်ကောင်စီများအနေဖြင့် ရွေးကောက်ပွဲလုပ်ခွင့်မရှိစေရဟုပြောဆိုခဲ့သည်။

ထို့အပြင် ဇန်နဝါရီလ ၂ ရက်နေ့တွင် KIO/KIA အဖွဲ့ ခေါင်းဆောင်ပိုင်းအချို့၏ ရာထူးများအပြောင်းအလဲပြုလုပ်ခဲ့ပြီး ဗဟိုကော်မတီဥက္ကဋ္ဌ ရာထူးကို ယာယီအပြောင်းအလဲအပြင် စစ်ဦးစီးချုပ်၊ ဒု-စစ်ဦးစီးချုပ်နှင့် အခြားအရေးပါသည့် ရာထူးများကို အပြောင်းအလဲပြုလုပ်ခဲ့သည်။

မံစီမြို့နယ် ဒိန်ဆိန်းပါဒေသတွင် ဒေသခံအာဏာပိုင်များ၏ခွင့်ပြုချက်ဖြင့် မြေရှားသတ္တုစမ်းသပ်ရှာဖွေတူးဖော်နေမှုများကို ဒေသခံများက အင်တိုက်အားတိုက်ဆန့်ကျင်ကန့်ကွက်ခဲ့ကြပြီး ဇန်နဝါရီလ ၁၃ ရက်နေ့တွင် သတ္တုတူးဖော်ရေးနေရာများသို့ ဝင်ရောက်လေ့လာခဲ့ကြသည်။

ဖေဖော်ဝါရီ

========

ဖားကန့်မြို့နယ်တွင် ဇနီးဖြစ်သူကို ခင်ပွန်းက အပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ်မှုတစ်ခု ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။ အဆိုပါအမျိုးသားကို ဖားကန့်ခရိုင်တရားရုံးက စက်တင်ဘာလတွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့သည်။

ဖေဖော်ဝါရီလ ငါးရက်နေ့တွင်ကျရောက်ခဲ့သော ၆၂ နှစ်ပြည့်တော်လှန်ရေးနေ့ အထိမ်းအမှတ်မိန့်ခွန်းတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဥက္ကဋ္ဌက လူမျိုးကြီးဝါဒကို ကိုင်စွဲထားပါက တော်လှန်ရေးအဓွန့်ရှည်သွားမည်ဟု သတိပေးခဲ့သည်။

စစ်ကောင်စီက တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီမြို့ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ကံပိုင်တည်မြို့ဟု ပြောင်းလဲသတ်မှတ်လိုက်သည်။

မတ်

=======

မတ်လ ၁၉ ရက်နေ့က လိုင်ဇာမြို့အနီးရှိ ဂျယ်ယာန် (Je Yang)  စစ်ရှောင်စခန်းတွင် မီးလောင်မှုကြောင့် အိမ်ခြေ ၃၀ နီးပါးဆုံးရှုံးခဲ့သည်။ လူငယ်တစ်ဦး ဟင်းချက်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ အိမ်များအလွန်နီးကပ်သဖြင့် အချိန်တိုအတွင်း အိမ်အများအပြားမီးလောင်ပျက်စီးခဲ့ရခြင်းဖြစ်သည်။

မတ်လ ၁၇ ရက်နေ့ညက ဖားကန့်မြို့ရှိ ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းရုံးတစ်ရုံးကို စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်ဖျက်ဆီးခဲ့သည်။ အဆိုပါရုံးတွင် ယင်းနေ့နံနက်ပိုင်းက အမျိုးသမီးကော်မတီက ဦးဆောင်ပြီး အမျိုးသမီးကွန်ပျူတာသင်တန်းဖွင့်ပွဲကျင်းပခဲ့ပြီး ညပိုင်းတွင် ဝင်ရောက်စီးနင်းခံခဲ့ရခြင်းဖြစ်သည်။ ဝင်ရောက်စီးနင်းမှုတွင် ရုံးစောင့်တစ်ဦးလည်းဖမ်းခံရကာ ရုံးပစ္စည်းနှင့်ကွန်ပျူတာများ ခိုးယူသွားခံခဲ့ရသည်။

ပူတာအိုမြို့နယ်ရှိ ဘိန်းခင်းဧက ရာဂဏန်းထက်မနည်းကို KIA နှင့် KPDF ပူးပေါင်းပြီး ဖျက်ဆီးနိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးသဖြင့် ဖတ်မာကျေးရွာဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ဧပြီ

======

ဖမ်းဆီးခံထားရသော ကချင်ဘာသာရေးခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ်က ဧပြီလ ၇ ရက်နေ့တွင် ထောင်ဒဏ် ၆ နှစ်ချမှတ်လိုက်သည်။

အလားတူ KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အုပ်ချုပ်ရေးအရာရှိ ၁၃ ဦးကို ဧပြီလ ၁၀ ရက်နေ့တွင် ထောင်ဒဏ် ၅ နှစ်စီချမှတ်လိုက်သည်။

မံစီမြို့နယ် ဒိန်ဆိန်းပါဒေသရှိ မြေရှားသတ္တုတူးဖော်မှုကို ဆန့်ကျင်ကန့်ကွက်ဆန္ဒပြမှုများ ပိုမိုအားကောင်းလာပြီး မိုင်ဂျာယန်မြို့တွင် ဧပြီလ ၁၄ ရက်နေ့ကပြုလုပ်ခဲ့သော လူထုအစည်းအဝေးတွင် KIO ဥက္ကဋ္ဌက အဆိုပါစီမံကိန်း ရပ်ဆိုင်းလိုက်ကြောင်း ကြေညာလိုက်သည်။

လူသူအရောက်အပေါက်နည်းပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲ့သည့် ပန်နန်းဒင်မြို့ရှိ ကျေးရွာအချို့တွင် ဆန်တစ်အိတ် သုံးသိန်းနီးပါးဈေးတက်သွားပြီး ကလေးသူငယ်များကလည်း မိဘများနှင့်အတူ ရိက္ခာထမ်းခဲ့ရသည်။

မေ

======

မေလ ၄ ရက်နေ့က ရွှေကူမြို့နယ်၊ ရေလဲရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့သောကြောင့် နေအိမ် ၃၀လုံးခန့်မီးလောင်းပျက်စီးသွားကာ မီးငြိမ်းသောဒေသခံများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးရိုက်နှက်ခဲ့သည်။

မေ ၆ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ရှိ Happy KTV တွင် ကချင်လွတ်မြောက်ရေးတပ် KIA တပ်ဖွဲ့ဝင်ငါးဦး ထပ်မံဖမ်းခံခဲ့ရသည်။

ဇွန်

======

ကချင်လွတ်မြောက်ရေးတပ် KIA တပ်မဟာ (၈)၊ တပ်ရင်း ၄၁ နယ်မြေတွင် ဇွန်လ ၁၁ ရက်နေ့က တပ်ဖွဲ့ဝင်တစ်ဦးကို ပုဆိန်ဖြင့် ရိုက်နှက်သတ်ဖြတ်ပြီး ဇနီးဖြစ်သူကို အဓမ္မပြုကျင့်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကာ ပြစ်မှုကျူးလွန်သူ အမျိုးသားက အမှုစစ်နေချိန် အမောဖောက်ကာသေဆုံးသွားခဲ့သည်။

တနိုင်းမြို့နယ် နန့်ဖြတ်ယန်ကျေးရွာမှ စစ်ရှောင်ပြည်သူများနှင့် ဒေသခံပြည်သူများ နေထိုင်သည့်နေရာကို စစ်ကောင်စီတပ်က တပ်စခန်းဆောက်လုပ်ရန် ဇွန်လအတွင်း ဒေသခံများကို အဓမ္မပြောင်းရွှေ့ခိုင်းခဲ့သည်။

ဇွန်လ ၁၂ ရက်နေ့က ကန့်ကွက်မှုတွေကို လျစ်လျူရှုခဲ့တဲ့ ပူတာအိုမြို့နယ်၊ ဖတ်မာကျေးရွာအနီးရှိ ရွှေလုပ်ကွက်ကို ဒေသခံများအင်အားသုံးဖယ်ရှားခဲ့သည်။ ကချင်ပြည်နယ်နေရာအနှံ့အပြားတွင် ရွှေတူးဖော်နေသော်လည်း ယခုဖြစ်စဉ်သည် ရှားရှားပါးပါးဖြစ်စဉ်တစ်ခုဖြစ်သည်။

ဝိုင်းမော်မြို့နယ်တွင် ဇွန်လ ၂၇ ရက်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ စစ်သံအဖွဲ့လိုက်ပါလာသည့်ယာဉ်တန်း ပစ်ခတ်ခံခဲ့ရပြီး KIA က ပစ်ခတ်ခြင်းမဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။

ဇူလိုင်

=======

ဇူလိုင်လ လေးရက်နေ့က ဝိုင်းမော်မြို့နယ် ဆဒုံးရေတံခွန်အနီးရှိ ကချင်လွတ်မြောက်ရေးတပ် (KIA)၏ လဂတ်ကောင်ရှေ့တန်းတပ်စခန်းတစ်ခုကို လီဆူပြည်သူ့စစ်နှင့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ အဆိုပါဖြစ်စဉ်သည် တရုတ်စစ်သံအဖွဲ့ပစ်ခတ်ခံရပြီး တစ်ပတ်အကြာတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လ ၁၃ ရက်နေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ ဒု-တိုင်းမှူးဗိုလ်မှူးချုပ်အောင်မျိုးဦးနှင့် အခြားအရာရှိအချို့ကို နေပြည်တော်တိုက်ရိုက်အမိန့်ဖြင့် ဖမ်းဆီးခဲ့သည်။

ဇူလိုင်လ ဒုတိယအပတ်မှစတင်ကာ စစ်ကောင်စီတပ်က KIO/KIA ဌာနချုပ်တည်တည်ရှိရာ လိုင်ဇာမြို့အနီးတဝိုက်ကို အင်အားအလုံးအရင်းဖြင့် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ KIA ကလည်း မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့နှင့် ဝိုင်းမော်မြို့အနီးတဝိုက်ရှိ စစ်ကောင်စီစခန်းများကို တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်က စတင်ခဲ့သည့်ထိုးစစ်ကြောင့် မြစ်ကြီးနား-ဗန်းမော်ကားလမ်းတစ်လျှောက် စစ်မြေပြင်ဖြစ်သွားခဲ့ပြီး လမ်းပိုင်းအများစုကို KIA က ထိန်းချုပ်လိုက်သည်။

ဩဂုတ်

========

ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ တပ်မ ၃၃ လက်အောက်ခံတပ်ဖွဲ့များစခန်းချထားသည့် ကသိုဏ်းတောင်စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့သည်။ အဆိုပါစခန်းကို စစ်ကောင်စီတပ်က နောက်တစ်နေ့တွင် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဩဂုတ်လ ၁၀ ရက်နေ့တွင်ကျရောက်သည့် ကချင်အာဇာနည်နေ့အထိမ်းအမှတ် KIO ဥက္ကဋ္ဌ မိန့်ခွန်းတွင် စစ်ကောင်စီတပ်၏ ကျဆုံးချိန်ပိုမိုနီးစပ်လာပြီဟု ပြောကြားခဲ့သည်။

ဩဂုတ်လ ၂၄ ရက်နေ့က မိုင်ဂျာယန်မြို့တွင် တရုတ်ငွေ ယွမ် ၄၀ (မြန်မာငွေကျပ် လေးသောင်း) ခိုးသည်ဟူသော စွပ်စွဲချက်ဖြင့် အဆောင်ဆရာမတစ်ဦးက ဆယ်တန်းကျောင်းသူ နှစ်ဦးကို ရေနွေးပူငွေ့ဖြင့် လက်အပူဟပ်ရန် အတင်းအကြပ် ခိုင်းစေခဲ့ရာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ အမှုတွင် အဓိကတာဝန်ရှိသူများကို KIO ပညာရေးဌာနမှတာဝန်ရှိသူများက စစ်ဆေးခဲ့ပြီး တရုတ်ငွေ ယွမ်လေးထောင်ဖြင့် အမှုကြေအေးလိုက်ကာ အခြားအရေးယူမှုများ မရှိခဲ့ပါ။

ဖားကန့်မြို့နယ် မှော်ဝမ်းကြီးနှင့် မှော်ဝမ်းလေးကြားရှိ ကျောက်စိမ်းလုပ်ကွက်ဟောင်းရေကန် ပြိုကျမည့်အန္တရာယ်ရှိနေသဖြင့် ဒေသခံများစိုးရိမ်ပူပန်နေကြောင်း The 74 Media က ဩဂုတ်လ ၁၇ ရက်နေ့တွင် ရုပ်သံထုတ်လွှင့်ခဲ့ရာ ကြည့်ရှုသူသန်းချီရှိခဲ့ပြီး မြို့နယ်အာဏာပိုင်များက ရက်ပိုင်းအတွင်း ရေကန်ရှိရေများကို အခြားနေရာများသို့ လွှဲချခဲ့သည်။

စက်တင်ဘာ

===========

မြစ်ကြီးနားမြို့တွင် အိမ်ဆောက်နေသည့် လုပ်ငန်းခွင်ရေကန်အတွင်း ကလေးနှစ်ဦးရေနစ်သေဆုံးခဲ့သည့်ဖြစ်စဉ်သည်လည်း လူပြောများသည့်ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ပြီး နှစ်ဖက်ညှိနှိုင်းမှုဖြင့် သေဆုံးသွားသည့်ကလေးတစ်ဦးစီအတွက် သိန်းတစ်ရာစီဖြင့်အမှုကို ကျေအေးပေးခဲ့သည်။

စက်တင်ဘာလ ၂ ရက်နေ့က မိုးကောင်းမြို့ရှိ ဇင်ယော်စက်သုံးဆီဆိုင်မှ ဝန်ထမ်းများနှင့် ဆိုင်ရှင်လင်မယားကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက PDF ထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့ပြီး စက်တင်ဘာ ၃ ရက်နေ့တွင် ဆိုင်ကိုဖြိုချဖျက်ဆီးခဲ့ကာ ပိုင်ရှင်လင်မယားကိုလည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ဖမ်းဆီးနှိပ်စက်ခဲ့သဖြင့် ဇနီးဖြစ်သူဒေါ်ခင်မာဆွေက စက်တင်ဘာလ ၁၁ ရက်နေ့က သေဆုံးသွားခဲ့သည်။

စက်တင်ဘာလ ၄ ရက်နေ့တွင် မိုးညှင်းမြို့တွင်နေထိုင်သည့် သတင်းထောက်ဟောင်းတစ်ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

ကချင်ပြည်နယ်စစ်ကောင်စီဥက္ကဋ္ဌ၏ ခွင့်ပြုမိန့်ဖြင့် မချမ်းဘော့မြို့နယ်တွင် ငါးကန်တူးမည်ဟုဆိုကာ ရွှေတူးဖော်နေသည်ကို The 74 Media က စက်တင်ဘာလ ၁၆ ရက်နေ့တွင် သတင်းတင်ပြခဲ့ရာ ရက်ပိုင်းအတွင်း ရွှေတူးဖော်မှုရပ်နားခဲ့သည်။

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာတွင် ဆေးခန်းလာပြသည့် စစ်ကောင်စီရဲတပ်ဖွဲ့ဝင်များကို KIA က စောင့်ကြိုတိုက်ခိုက်ခဲ့သဖြင့် တစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသွားသည့်တပ်ဖွဲ့ဝင်များကို KIA က  လုံးခင်းဆေးရုံတွင် စက်တင်ဘာလ ၂၅ ရက်နေ့က ထပ်မံဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် အချို့ သေဆုံးသွားသည်။

အောက်တိုဘာ

========

အောက်တိုဘာလ ၄ ရက်နေ့တွင် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာတွင် တိုက်ပွဲများဖြစ်ပွားခဲ့သဖြင့် ကျောင်းများပိတ်ခဲ့ရကာ ဆိုင်နှစ်ဆိုင်လည်း လက်နက်ကြီးထိမှန်သဖြင့် မီးလောင်ပျက်စီးခဲ့သည်။

အောက်တိုဘာလ ၅ ရက်နေ့က ဖားကန့်မြို့နယ်ရှိ ရွှေဆိုင်တစ်ခုဓားပြတိုက်ခံရပြီး သိန်း ၅၀၀၀ ဖိုးခန့် တန်ကြေးရှိသည့် ရွှေများလုယက်ခံခဲ့ရသည်။

အောက်တိုဘာလ ၉ ရက်နေ့ည ၁၁ နာရီခွဲခန့်က ကချင်လွတ်မြောက်ရေးတပ် KIA ဌာန ချုပ်အနီးရှိ မုန်လိုင်ခက်စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လေကြောင်းသုံးဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးသူငယ်များအပါအဝင် ပြည်သူ ၂၈ ဦးသေဆုံးခဲ့သည်။

အောက်တိုဘာ ၁၇ ရက်နေ့တွင် ဗန်းမော်မြို့ရှိ KIO အုပ်ချုပ်ရေးအရာရှိဟောင်းတစ်ဦး၏ နေအိမ်ကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးလိုက်ပြီး မိသားစုဝင်များကို ဖမ်းဆီးခဲ့သည်။

စစ်ကောင်စီတပ်၏ ရွှေကူမြို့နယ် ငဘတ်ဝကျေးရွာစစ်စခန်းနှင့် ဝိုင်းမော်မြို့နယ်ရှိလိုင်လွမ်စခန်းတို့ကို KIA က အောက်တိုဘာလ ၁၈ ရက်နှင့် ၂၀ ရက်တို့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

မြစ်ကြီးနား-ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်၏ အရေးပါသည့် ကန်တော်ယန်ဗျူဟာကုန်းကို KIA ပူးပေါင်းတပ်က အောက်တိုဘာလ ၃၁ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်သည်။

ထို့ကြောင့် စစ်ကောင်စီတပ်က အောက်တိုဘာလကုန်ပိုင်းတွင် KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့နှင့်အနီးတဝိုက်ကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များက တရုတ်နိုင်ငံလေပိုက်နက်ထဲ ကျူးကျော်ဝင်ရောက်ခဲ့သည်။

နိုဝင်ဘာ

=========

စစ်ရေးအထိနာနေသည့် စစ်ကောင်စီတပ်က နိုဝင်ဘာလ ပထမအပတ်တွင် မြစ်ကြီးနားမြို့နှင့်အနီးတဝိုက် KIA ဆန့်ကျင်ဆန္ဒပြမှုများ ဆက်တိုက်ဆိုသလို ပြုလုပ်ခဲ့သည်။

နိုဝင်ဘာလ ၈ ရက်နေ့က ပန်ဝါမြို့ရှိ စစ်ကောင်စီလက်အောက်ခံ NDAK ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ လက်နက်တိုက် မီးလောင်ပျက်စီးခဲ့သည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ကစတင်ကာ ကချင်လွတ်မြောက်ရေးတပ် (KIA) က မြစ်ကြီးနားမြို့ကို ဝင်ရောက်တိုက်ခိုက်တော့မှာဖြစ်သောကြောင့် ရပ်ကွက်တချို့မှ ပြည်သူများ တိမ်းရှောင်ရန် တိုက်တွန်းသော စာတစ်စောင်အပါအဝင် သတင်းတုသတင်းမှားများထွက်ပေါ်ခဲ့သည်။

လီဆူလူမျိုးစုများ တစ်အိမ်တစ်ယောက်စစ်မှုမထမ်းမနေရစနစ်ဖြင့် ဖိတ်ခေါ်ကြောင်း ဦးရွှေမင်းက အောက်တိုဘာလ ၃၀ ရက်နေ့တွင် စာထုတ်ပြန်လိုက်ပြီး ပြည်တွင်းပြည်ပမှ လီဆူအသိုင်းအဝိုင်းများက ကန့်ကွက်ခဲ့ကြသည်။

ဒီဇင်ဘာ

========

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်းဖြစ်ပြီး လာအိုနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်အဖြစ် တာဝန်ထမ်းဆောင်နေသည့် ဗိုလ်ချုပ်မြတ်သက်ဦးကို စစ်ကောင်စီက နေပြည်တော်သို့ ခေါ်ယူစစ်ဆေးခဲ့သည်။

ဒီဇင်ဘာလ ၆ ရက်နေ့က စစ်ကောင်စီပစ်ခတ်လိုက်လက်နက်ကြီးနှစ်လုံး တရုတ်ပြည်ဘက်ခြမ်းသို့ကျရောက်ပေါက်ကွဲခဲ့သည်။

မြစ်ကြီးနားမြို့တွင် ဒီဇင်ဘာလ ပထမအပတ်အတွင်း အင်တာနက်လိုင်းအားလုံး ပြတ်တောက်သွားခဲ့သည်။ အင်တာနက်ပြတ်တောက်မှု ၅ ရက်ကြာမြင့်ခဲ့ပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အင်တာနက်လိုင်းများပြန်ရခဲ့သည်။

မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းနှစ်ခုကို ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် KIA တပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်လိုက်သည်။

ပူတာအိုမြို့နယ်တွင် သားအဖနှစ်ဦးစကားများရန်ဖြစ်ပြီး အပြန်အလှန်မီးရှို့သည့်ဖြစ်စဉ်တစ်ခု ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး နှစ်ဦးစလုံးသေဆုံးသွားခဲ့သည်။

ကချင်ပြည်တွင် တစ်နှစ်အတွင်း ယာဉ်တိုက်မှုကြောင့်သေဆုံးသူ ၄၀ ဦးကျော်ခန့်ရှိပြီး ဓားထိုးခံရသောကြောင့်သေဆုံးသူ ၂၀ ဦးခန့်ရှိကာ လက်သည်မပေါ်သည့် သေဆုံးမှု ၂၀ ဦးခန့်ရှိသကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့သောကြောင့် သေဆုံးသူ ၂၀ ဦးခန့်ရှိသည့်အပြင် မြေရှားတူးဖော်မှုလုပ်ကွက်နှင့် ဖားကန့်မြေပြိုမှုကြောင့် သေဆုံးသူ ၇၀ ဦးကျော်ခန့်ရှိပြီး မုန်လိုင်ခက်စစ်ရှောင်စခန်းအပါအဝင် လေကြောင်းတိုက်ခတ်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးသူ ၃၀ ဦးခန့်ရှိသည်။ ထို့အပြင် ရွှေဆိုင်ဓားပြတိုက်မှု ခြောက်ကြိမ်ဖြစ်ပွားခဲ့ပြီး ဓားထိုးလုယက်မှု ငါးကြိမ်ဖြစ်ပွားခဲ့သည်။

သင့်အနေဖြင့် ထူးခြားသည်ဟုယူဆသည့် အကြောင်းအရာများကိုလည်း မှတ်ချက်ပေးရန် ဖိတ်ခေါ်ပါသည်။

စာဖတ်ပရိတ်သတ်များအားလုံး နှစ်သစ်တွင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး ဘေးကင်းလုံခြုံကြပါစေ။

The 74 Media

သင့်ထင်မြင်ချက်ရေးပေးပါ