ဖားကန့်မြို့၊ ဆိပ်မူကျေးရွာရှိ တံတားတစ်စင်းကို အမည်မသိလက်နက်ကိုင်အဖွဲ့အစည်းက ယနေ့ နံနက် (၁၂) နာရီဝန်းကျင်ခန့်တွင်မိုင်းခွဲဖျက်ဆီးလိုက်ကြောင်းသိရသည်။

ဆိပ်မူကျေးရွာရပ်ကွက် (၃)ရှိ ယူမာကျေးရွာနှင့်ဆက်သွယ်ထားသည့် ဘေလီတံတား မိုင်းခွဲခံရခြင်းဖြစ်ကြောင်း ဆိပ်မူကျေးရွာ ရပ်ကွက်(၃)တွင်နေထိုင်သည့်ကျောက်ပွဲစားတစ်ဦးက The 74 Media ကိုပြောသည်။

“ဘယ်လ်ိုအကြောင်းမျိုးကြောင့် မိုင်းခွဲတာလဲတော့မသိဘူးပေါ့နော်။အဲ့တံတားက အသစ်ဆောက်ထားတာ မကြာသေးဘူး။ မိုင်းသံကတော့တော်တော်လေးကိုကျယ်တယ်၊မြေကြီးတွေပါတုန်တယ်” ဟု သူကပြောသည်။

မိုင်းခွဲခံခဲ့ရသောကြောင့် ပျက်စီးမှုအနည်းငယ်ရှိသော်လည်း တံတားကို ဆက်လက်အသုံးပြုနေသည်ဟု ဆိပ်မူကျေးရွာရပ်ကွက်(၄)တွင်နေထိုင်သည့် အသက်(၄၆)နှစ်အရွယ်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“တံတားရဲ့လက်ယန်းဘက်ကအုတ်တွေ ပဲ့သွားတယ်။ပေါက်ကွဲတဲ့ချိန်ဆိုင်ကယ်နဲ့ ကားတွေမသွားတာကံကောင်းတယ်လို့ပြောရမယ်။လောလောဆယ်တံတားကသွားလို့လာလို့အဆင်ပြေပါတယ်”ဟုသူကပြောသည်။

ဖားကန့်မြို့ လုံးခင်းကျေးရွာရှိ စစ်ကောင်စီတပ်စွဲထားသော နှစ်မျက်နှာ ဘုရားအနီးတွင်လည်း ဒီဇင်ဘာ ၂၅ ရက်နေ့တွင် လက်နက်ကြီးပစ်ခတ်ခံရသည့်အသံများထွက်ပေါ်ခဲ့သည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ