ဖားကန့်မြို့ လဝါးကျေးရွာအနီးရှိစစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ကချင်လွတ်မြောက်ရေးတပ်(KIA) က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လဝါး – ကာမိုင်းလမ်းဆုံရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်နေ့က လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု အသက် (၃၂) နှစ်ခန့်အရွယ်ရှိ ကာမိုင်းဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဘယ်ကနေလှမ်းထုလဲတော့မသိဘူး စစ်သားတွေရှိတဲ့နေရာဆီကွက်တိကိုကျတယ်။ သူတို့ဘက်ကအထိနာတော့ ကာမိုင်းဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ပြန်ပြီး ရမ်းထုနေတယ်။ အဲ့ဂိတ်ကိုပစ်သင့်တာကြာပြီ” ဟုပြောသည်။

လုံးခင်းကျေးရွာ လယ်ပြင်ဂိတ်နှင့် နှစ်မျက်နှာဘုရားအနီးတွင်လည်း ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက် ၁ နာရီခန့်က လက်နက်ကြီးပစ်ခတ်သံ ၁၀ ချက်ထက်မနည်းကြားခဲ့ရကြောင်း ဒေခံရေမဆေးသမားတစ်ဦးကပြောသည်။

“တိုက်ပွဲဖြစ်တဲ့ပုံစံမျိုးဗျ။ ပထမဆုံအရင်ကြားရတာကတော့ မြေပါတုန်တယ်။ စစ်တပ်ကအပစ်ခံရတယ်နေမာ။ ခနနေတော့ဆက်တိုက် ချတော့တာပဲ” ဟုပြောသည်။

နှစ်မျက်နှာဘုရားအနီးရှိ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သုံးနာရီခန့်ကြာသည်အထိ လက်ကြီးပစ်ခတ်သံများ ကြားခဲ့ရကြောင်း ဒေသခံများကပြောသည်။

ဖားကန့်မြို့ နန့်ယားကျေးရွာတွင်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့က တရားမဝင်ငွေကြေးလိုက်လံကောက်ခံနေသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဆိုသူ နှစ်ဦးကို အမည်မသိလက်နက်ကိုင်မျာက လာရောက်ပစ်ခတ်ခဲ့သောကြောင့် တစ်ဦးသေဆုံးခဲ့သည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ