ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် တအောင်းလွတ်မြောက်ရေးတပ် (TNLA) က ရပ်ကွက်အတွင်းမှ ပြောင်းရွှေ့ရန် လိုက်လံ‌ပြောဆိုနေသောကြောင့် တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံပြည်သူများ စိုးရိမ်နေကြကြောင်း သိရသည်။

ကွတ်ခိုင်မြို့ရပ်ကွတ် (၂) အတွင်း‌ နေထိုင်သည့် တအာင်းလူမျိုးများကို ထုတ်ပြန်စာနှင့်တစ်ကွ လိုက်လံပြောကြားခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“လူကိုယ်တိုင်လာပြောကြတာ ချက်ချင်းတိမ်းရှောင်ကြဖို့။ သူတို့တအောင်းလူမျိုးတွေဆီလာပြောတာ။ တခြားလူမျိုးတွေဆီတော့ မလာကြဘူး။ ကျွန်တော်တို့ကျ ကျည်ဆံထိ၊ စစ်ဖြစ်ရင် မသေတက်ဘူးထင်နေကြလား မသိဘူး။ အခုဆို နေ့လယ်ကတည်းက ရွာပတ်ပတ်လည်မှာ အမြောက်ကြီးတွေလာချနေကြပြီ” ဟု ပြောသည်။

ယနေ့ နေ့လယ်ပိုင်းမှစတင်ကာ မြေကြီးများတူးဆွပြီး  အမြောက်လက်နက်ကြီးများ တပ်ဆင်‌နေကြောင်း ကျေးရွာဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“မြေကြီးတွေတူးပြီးလက်နက်ကြီးတွေလိုက်ချနေကြတာ တွေ့တယ်။ သုံး၊ လေးနေရာလောက်ရှိတယ်။ အစကတော့ ကတုတ်ကျင်းထင်နေကြတာ။ ညနေကလည်း ဒရုန်းတစ်စီး လာပတ်နေတယ် လေယာဉ်လာတော့မယ်ထင်တယ်။ လူမထိရင်လည်း အိမ်တွေတော့ ထိမှာပဲလေ” ဟု ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းတွင် TNLA က တအောင်းလူမျိုးများကို ကတုတ်ကျင်းမတူးလျှင် ဒဏ်ကြေး‌ငွေကျပ်ငါးသိန်းပေးဆောင်ရမည်ဟုပြောဆိုခဲ့ပြီး အနီးတစ်ဝိုက်ရှိကျေးရွာမှ ဒေသခံပြည်သူများကလည်း နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့အတွင်းရှိ စေတီကုန်းဘုရားကုန်းနှင့် လွယ်ဆိုင်တောင်ရှိ အမြောက်တပ်စခန်းကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂၁ ရက်နေ့က တအောင်းလွတ်မြောက်ရေးတပ် (TNLA) က ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

သတင်း – Zami

ပုံစာ – ဒီဇင်ဘာ ၁၅ ရက်နေ့က နမ့်ဆန်မြို့ကို သိမ်းပိုက်ပြီးနောက် TNLA တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။ (Shwe Phee Myay)

သင့်ထင်မြင်ချက်ရေးပေးပါ