ရွှေဘိုမြို့နယ်၊ သီလုံးကျေးရွာရှိ စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းစခန်းမှ တပ်ဖွဲ့ဝင်နှစ်ဦး မိသားစုနှင့်အတူ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ထံ လက်နက်ခဲယမ်းများဖြင့် အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

အတင်းအကြပ်စေခိုင်းမှုများနှင့် ရမ်းကားအနိုင်ကျင့်မှုများကြောင့် ညီအစ်ကိုနှစ်ဦးက မိသားစုနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း ပြောသည်ဟု BNRA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုဆာန်က The 74 Media ကိုပြောသည်။

“တစ်မိသားစုထဲက မွေးပြီး အတူနေကြတဲ့သူတွေ။ ၁၇ နှစ်အရွယ်ကလေးဆိုရင် အတင်းအကြပ်စေခိုင်းပြီးတော့ လက်နက်ကိုင်ဆောင်ခိုင်းတယ်။ တိုက်ပွဲတွေအနီးအနားက ကျေးရွာတွေကို စီးနင်းတဲ့အခါတွေမှာလည်း ခေါ်သွားတယ်။ အဲ့ဒါကြောင့်ထိတ်လန့်မှုတွေရှိနေတယ်။ အဲ့ကြောင့်အလင်းဝင်လာတာလို့ပြောပါတယ်” ဟုပြောသည်။

စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲနေထိုင်ချိန် ဖမ်းဆီးထိန်းသိမ်းခြင်းခံရသောကြောင့် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းနိုင်ခြင်းမရှိဘဲ ပျူစောထီးတပ်ဖွဲ့ဝင်များဖြစ်ကြောင်း ခေါ်ဆိုခံရသည့် ဒေသခံများလည်းရှိနေကြောင်း သူကဆက်ပြောသည်။

အလင်းဝင်လာသည့် အသက် ၁၇ နှစ်ခန့်အရွယ်နှင့် အသက် ၂၀ နှစ်ခန့်အရွယ်ရှိသူနှစ်ဦးမှာ မိသားစုဝင် ၁၂ ဦးနှင့်အတူ ပူးပေါင်းဝင်ရောက်လာခြင်းဖြစ်ပြီး G3 သေနတ်တစ်လက်၊ ကာဘိုင်တစ်လက်၊ ကျည် ၂၃၂ တောင့်နှင့် ကျည်ဘောက် ငါးခုတို့ယူဆောင်လာသဖြင့် ငွေကျပ်သိန်း ၁၀၀ ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

သီလုံးကျေးရွာဒေသခံပြည်သူများသည် စစ်ကောင်စီတပ်စွဲနေထိုင်ပြီးနောက် ပျူစောထီးအဖြစ် သတ်မှတ်ခံရသဖြင့် ထွက်ပြေးသွားသူ ၈၀ ခန့်ရှိကြောင်း သိရသည်။

အဆိုပါသီလုံးကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းတပ်စခန်းကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ နှင့် ၂၇ ရက်နေ့တို့က ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ဦးဆောင်ကာ ရွှေဘိုမြို့နယ်ပလဖ၊ ပကဖတပ်ဖွဲ့ဝင်များ၊ ဗိုလ်ကျားရိုင်းအဖွဲ့၊ ZERO ပျောက်ကြားတပ်ဖွဲ့နှင့် မိတ္ထီလာဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သတင်း – Dureng

ဓာတ်ပုံ – ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA FB page

သင့်ထင်မြင်ချက်ရေးပေးပါ