စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့ရှိ ဘုန်းတော်ကြီးကျောင်းအပါအဝင် ဒေသခံပြည်သူတို့၏ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ကြေညာခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ ငါးရက်တာအတွင်း လေကြောင်းပစ်ခတ်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဘုန်းကြီးကျောင်းနှင့် ဒေသခံပြည်သူတို့၏ နေအိမ် ၁၅ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီခြေလျင်တပ်ရင်း ခ.လ.ရ (၁၃၀) တပ်စခန်းက ပစ်ခတ်လိုက်သည့် လက်နက်ကြီးက မန်တုံမြို့ရှိ ဒုက္ခသည်စခန်း၊ လွယ်ကန်ကျေးရွာနှင့် မြို့အနီးတစ်ဝိုက်တွင် ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အမျိုးသမီးတစ်ဦး လက်နက်ကြီးစထိမှန်ဒဏ်ရာရှိခဲ့ပြီး လျှပ်စစ်မီးတိုင်များ ထိမှန်ပျက်စီးကာ နေအိမ်တစ်လုံးလည်း မီးလောက်ပျက်စီးကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ်တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၁ ရက်နေ့က အသက် ၂၅ နှစ်ခန့်အရွယ်ရှိအမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။

နမ့်ခမ်းမြို့ကို တအောင်းလွတ်မြောက်ရေးတပ် TNLA က ဒီဇင်ဘာ ၁၈ ရက်နေ့တွင် တိုက်ခိုက်သိမ်းယူနိုင်ခဲ့ ပြီးနောက် မန်တုံမြို့နှင့် ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ