မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့က ထိန်းချုပ်ထားသော ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ မူဆယ်မြို့သို့ ဝင်ရောက်ခွင့် စစ်ကောင်စီတပ်က ပိတ်ထားကြောင်း သိရသည်။

မူဆယ်မြို့နှင့် ၁၀၅ မိုင် ကြားရှိ လမ်းများတွင် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းညီနောင်မဟာမိတ်တပ်၏ စစ်ဆေးရေးဂိတ်များရှိကာ မူဆယ်မြို့အဝင်အထွက်ကို ကန့်သတ်ထားသည်ဟု လားရှိုး – မူဆယ်လမ်း ယာဉ်မောင်းတစ်ဦးက The 74 Media ကိုပြောသည်။

“မူဆယ်ဘက်ကိုထွက်ချင်တဲ့သူတွေ ဆိုင်ကယ်နဲ့ဒါမှမဟုတ် လမ်းလျှောက်ပြီးထွက်ရင် ထွက်လာလို့ရတယ်။ ကားတွေ ဘာတွေမောင်းထွက်ဖို့ဆိုမလွယ်ဘူး။ တော်တော်များများ ပိတ်မိနေတာရှိတယ်။ ထွက်သွားတဲ့သူတွေကလည်း ကားတွေဘာတွေ အဲ့မှာပဲထားခဲ့တာဗျ ပစ္စည်းတွေအကုန်ယူဖို့ အဆင်မပြေဘူး။ အခုလောလောဆယ်က ဒီနှစ်ကုန်ထိတော့ အားလုံးပိတ်ထားမယ်လို့ ကြားတယ်” ဟုပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်နေ့က ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးရှိ စစ်ကောင်စီတပ်၏ လက်ကျန် ဗျူဟာကုန်းနှစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

“လက်နက်ကြီးကုန်းနှစ်ကုန်းကလည်း သိမ်းပြီးသွားပြီဆိုတော့ ၁၀၅ မိုင်မှာက ခုခံမယ့်ဟာ ဘာမှမရှိတဲ့အခါကျတော့ တိုက်ပွဲကတော့ မရှိတော့ဘူးပေါ့။ အလုံးစုံထိန်းချုပ်ပြီးတော့ နောက်ရက်မှာတော့ လေကြောင်းနဲ့ ပစ်သေးတယ်။ နောက်ထပ်တော့ မရှိတော့ဘူးဗျ။ မူဆယ်ကသွားချင်ရင်သွားလို့ရတယ် ပြန်လို့မရဘူးဆိုတော့ ၁၀၅ မိုင်မှာပဲ နေလို့တော့ရဦးမယ်ပေါ့နော်” ဟုဆိုသည်။

မူဆယ်မြို့နှင့် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှာ ၆ မိုင်ကျော်ခန့်ကွာဝေးပြီး တိုက်ပွဲပြင်းထန်သည့်ကာလအတွင်းက အသွားအလာပြုလုပ်ခဲ့သည့် လမ်းကြောင်းများ အားလုံးကို လက်ရှိအချိန်တွင် ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားပြီး ဖြတ်သည့်ပြည်သူများကို ဖမ်းဆီးခြင်းနှင့် ကားများလည်း မကြာခဏ ပစ်ခတ်ခံရလေ့ရှိသည်။

မူဆယ်၊ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှာ “၁၀၂၇ စစ်ဆင်ရေး”အတွင်း နောက်ထပ်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည့် နယ်စပ်ကုန်သွယ်ရေးဂိတ်တစ်ခုဖြစ်ပြီး ကိုးကန့် (MNDAA) တပ်ဖွဲ့ဝင်များ သိမ်းပိုက်ထိန်းချုပ်ထားသည့် တရုတ် -မြန်မာနယ်စပ် ကြူကုတ်ပန်ဆိုင်းမြို့နှင့် တစ်ဆက်တည်းတွင်ရှိသည်။

သတင်း – Thu Ta၊ Dureng

ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ