ဝိုင်းမော်မြို့နယ်အတွင်းရှိ KIA တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ပြည်သူ့စစ်စခန်းများမှ တပ်ဖွဲ့ဝင်များတွင် သက်ကြီးရွယ်အိုတပ်ဖွဲ့ဝင်များအများစုပါဝင်နေပြီး စစ်ကောင်စီတပ်က အသုံးမပြုတော့သည့် လက်နက်များကို တပ်ဆင်ပေးထားကြောင်း သိရသည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) က ဒီဇင်ဘာလ ဒုတိယအပတ်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဝိုင်းမော်မြို့နယ် ဘော်ဆာဒီ(ထပ်ကွင်း) ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းတွင် အသက် ၄၀ နှစ်အထက် တပ်ဖွဲ့ဝင်အများစုပါဝင်ကြောင်း The 74 Media က ရရှိထားသည့် အချက်အလက်များအရ သိရသည်။

အဆိုပါတပ်စခန်းတွင် တပ်ဖွဲ့ဝင်အင်အား ၃၃ ဦးခန့်ရှိခဲ့ရာ အသက် ၄၀ နှစ်အထက် ၆၆ ရာခိုင်နှုန်း သို့မဟုတ် ၂၂ ဦးအထိပါဝင်နေပြီး အဆိုပါ ၂၂ ဦးတွင် အသက် ၅၀ နှစ်နှင့်အထက် ၁၄ ဦးအထိပါဝင်နေသည်။

အချက်အလက်များအရ အသက် ၃၀ အောက် လူငယ် သုံးဦးသာပါဝင်ပြီး အသက် ၃၀ နှစ်နှင့်အထက် ၂၇ ရာခိုင်နှုန်း သို့မဟုတ် ကိုးဦးသာပါဝင်သည်။

ထို့အပြင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များတွင် အခြေခံစစ်ပညာမသင်ရသေးသူများလည်း ပါဝင်နေသည့်အပြင် စစ်ကောင်စီတပ်က အသုံးမပြုတော့သည့် M1 ကာဘိုင်သေနတ်များကိုသာထုတ်ပေးထားပြီး တပ်ဖွဲ့ဝင်တစ်ဦးလျင် ကျည်အတောင့် ၁၀၀ သာ ထုတ်ပေးထားသည်ဟု စာရင်းဇယားများအရ သိရသည်။

ပြည်သူ့စစ်တပ်ဖွဲ့ဝင်များတွင် အသက်ကြီးသူများပါဝင်နေခြင်းနှင့် လက်နက်အင်အားကို စစ်ကောင်စီတပ်ကဲ့သို့ အပြည့်အဝထောက်ပံ့မှုမရှိသည်မှာ ဦးရွှေမင်းဦးဆောင်က ကိုယ်ကျိုးစီးပွားအတွက် လီဆူလူမျိုးများကို အသုံးချနေသည်ကို ပိုမိုမြင်သာစေသည်ဟု လီဆူလူမျိုး KIA တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“လူတစ်ယောက်ကို ကာဘိုင်တစ်လက်နဲ့ ကျည်တစ်ရာပေးထားတာကို ကျွန်တော့်အနေနဲ့ အရမ်းလည်း အံ့ဩမိတယ်။ အဲ့တာကိုကြည့်ခြင်းအားဖြစ် ဦးရွှေမင်းဟာ လီဆူလူမျိုးကို ချစ်လို့လုပ်နေတာမဟုတ်ဘူး စစ်ကောင်စီနဲ့ ပေါင်းပြီး သူ့ကိုယ်ကျိုးအတွက် သူတို့အာဏာရဖို့ ကျွန်တော်တို့လီဆူလူမျိုးတွေကို အသုံးချတာပဲလို့မြင်တယ်” ဟုပြောသည်။

အဆိုပါ စစ်ကောင်စီလက်အောက်ခံ ဝိုင်းမော် (ဌာနေ) ပြည်သူ့စစ် ဘော်ဆာဒီစခန်းကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ် (KIA) က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး ငါးဦးအရှင်ဖမ်းမိခဲ့သည်။

ဘော်ဆာဒီစခန်းနှင့်အတူ တာလောကြီးကျေးရွာရှိ ပြည်သူ့စစ်စခန်းကိုလည်း တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်းထွက်ပြေးသွားသည့် ပြည့်သူ့စစ်တပ်ဖွဲ့ဝင်များကလည်း ငိုယိုကာ ဒေသခံပြည်သူများကို စခန်းသို့ လိုက်လံပို့ဆောင်ခိုင်းခဲ့သည်။

မြစ်ကြီးနား – ဗန်းမော်လမ်းတွင် ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီပူးပေါင်းတပ်တို့ကြား တိုက်ပွဲအခြေအနေပြင်းထန်လျက်ရှိပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်နေ့ကလည်း လက်နက်ခဲယမ်းများ တင်ဆောင်လာသည့် စစ်ကောင်စီတပ်၏ အိမ်စီးကားသုံးစီးကို တားဆီးစစ်ဆေးချိန် ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ပြီး ကားများကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

သတင်း – Dureng

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ