ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကဖမ်းဆီးရမိထားသည့် စစ်ကောင်စီ လေယာဉ်မှူးခိုင်သန့်မိုးက မိုးမောက်မြို့နယ်၊ မြို့သစ်ကျေးရွာအနီးရှိ စလောင်းကုန်း ဒေသအခေါ်(တာဝါတိုင်ကုန်း) တိုက်ပွဲတွင် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ဟု ဝန်ခံပြောဆိုခဲ့သည်။

မြစ်ကြီးနားလေတပ်တွင် တာဝန်ထမ်းဆောင်စဉ် တာဝါတိုင်ကုန်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဗိုလ်မှူးခိုင်သန့်မိုး၏ ထွက်ဆိုချက်တွင် ဝန်ခံပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်စစ်ဆင်ရေးတာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အကြိမ်ရေကတော့ အများဆုံး အကြိမ်ရေ ၄၀ လောက် ရှိပါတယ်။ မြစ်ကြီးနားနဲ့ ကယားဘက်ကို ထမ်းဆောင်ခဲ့ပါတယ်။ မြစ်ကြီးနားမှာတုန်းကတော့ ကျွန်တော် ဒီတာဝါတိုင်ကုန်းမှာ ဗုံးကြဲတိုက်ခိုက်တာကို ဆောင်ရွက်ခဲ့ပါတယ်” ဟုထွက်ဆိုခဲ့ခြင်းဖြစ်သည်။

ဗိုလ်မှူးခိုင်သန့်မိုးကို ကရင်နီတော်လှန်ပူးပေါင်းတပ်၏ “၁၁၁၁ စစ်ဆင်ရေး” တွင် စစ်ကောင်စီတိုက်လေယာဉ်ကို စက်သေနတ်ကြီးဖြင့် ပစ်ချလိုက်သဖြင့် လေယာဉ်ပျက်ကျခဲ့ပြီး ရှစ်ရက်ခန့်အကြာ နိုဝင်ဘာလ ၁၉ ရက်နေ့က နယ်မြေရှင်းလင်းရေးပြုလုပ်နေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အလော့ဘွမ်တောင်ခြေရှိ မြို့သစ်ကျေးရွာနှင့် ကုန်းလောကျေးရွာကြားရှိ တာဝါတိုင်ကုန်းတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဧပြီလနောက်ဆုံးပါတ်က ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီကလည်း လေကြောင်းမှ နေ့စဉ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) က အလော့ဘွမ်စခန်းကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်က စခန်းပြန်လည်ရရှိရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်းခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ် မြစ်ကြီးနား – ဗန်းမော်လမ်းတွင် ပြီးခဲ့သည့် ဇွန်လမှစတင်ကာ KIA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြန်လည်ပြင်းထန်နေပြီး ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်နေ့ကလည်း မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာနှင့် ဘော်ဆာဒီကွင်းသစ်ရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းနှစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ တပ်ဖွဲ့ဝင်အချို့ကို အရှင်ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ