ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် ယမန်နေ့ နံနက်က ဒရုန်းဖြင့်ဗုံးကြဲခံရသောကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဒေသခံပြည်သူများ ပြောင်းဖူးနေလှန်းနေသော အီနိုင်းကျေးရွာရှိ ပွဲရုံတွင်ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ရပ်မိရပ်ဖတစ်ဦးက The 74 Media ကိုပြောသည်။

“လားရှိုးမြို့ဘက်ကနေ ဝဲလာတာတွေ့လို့ ကျွန်တော်တောင်ရှောင်လိုက်သေးတယ် ရွာထဲမှာ နိမ့်နိမ့်လေးပျံနေတာ။ သိပ်မကြာဘူး အသံထွက်ပြီ။ အဲ့ဒါရွာထိပ်ကပွဲရုံမှာ ပြောင်းဖူးလှန်းတဲ့သူတွေကို လူကြည့်မှားတာလား ဘာလားတော့မသိဘူး။ ဗုံးတစ်လုံးချပေးလိုက်လို့ ထိသွားတာဟုတ်တယ် ကလေးလည်းပါတယ်” ဟုပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူများမှ အသက်ခြောက်နှစ်ခန့်အရွယ်ရှိ ကလေးငယ်တစ်ဦးအပါအဝင် လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးမှာ ခွဲစိတ်ကုသရန်လိုအပ်လာနိုင်ခြေရှိကြောင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူ၏ ဇနီးဖြစ်သူကပြောသည်။

“အစ်မအမျိုးသားနဲ့ အမျိုးသမီးတစ်ယောက်နဲ့က ဓာတ်မှန်တွေရိုက် တခြားလိုအပ်တာတွေစစ်ကြည့်ပြီး မနက်ဖြန်ရောက်ရင် ခွဲစရာလိုရင်ခွဲရမယ်လို့ပြောတယ်။ ဟိုအစ်မကိုဆို အစားအစာတွေတောင် မစားခိုင်းဘူးလို့ သူ့ယောက်ျားပြောတယ်။

အဆိုပါကျေးရွာတွင် ဒီဇင်ဘာလ ဒုတိယအပါတ်မှစတင်ကာ တိုက်ပွဲများပြင်းထန်လာခြင်းဖြစ်ပြီး အသက် ၇၄ နှစ်ခန့်အရွယ်ရှိ အဘိုးအိုတစ်ဦး လက်နက်ကြီးပေါက်ကွဲသံကြောင့် လန့်ကာသေဆုံးခဲ့ကြောင်း သိရသည်။

“၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည့် အချိန်မှစတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေသောကြောင့် လားရှိုးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းနှင့် ခရစ်ယာန်ဘုရားကျောင်း ၂၀ ကျော်တွင် လာရောက်ခိုလှုံနေသည့် စစ်ဘေးရှောင်ပြည်သူ ၆၀၀၀ ခန့်ရှိသည်။

သတင်း – Zami

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ