တော်လှန်ရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်သိမ်းယူထားသည့် မော်လူးမြို့တွင် အမျိုးသားညီညွှတ်ရေးအစိုးရ NUG ၏ အုပ်ချုပ်ရေးယန္တရား ပိုမိုခိုင်မာစွာဖြင့် လည်ပတ်နိုင်အောင် စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ပထမအဆင့်အနေဖြင့် ရပ်ကွက်အလိုက် ရပ်မိရပ်ဖများရွေးချယ်ကာ ပြည်သူ့လုံခြုံရေး (ပလဖ) အဖွဲ့ဝင်များက မြို့လုံခြုံရေးအတွက် စီစဉ်ထားပြီး အုပ်ချုပ်ရေးယန္တရားပိုမိုခိုင်မာလာအောင် ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက The 74 Media ကို ပြောသည်။

“မော်လူးမြို့ထိန်းသိမ်းရေးကောင်စီဖွဲ့ပြီးတော့ ရပ်ကွက်အလိုက် ရပ်မိရပ်ဖတွေ ရွေးချယ်ပြီးတော့ မြို့လုံခြုံရေးအတွက် အဓိကထိန်းသိမ်းလုပ်ဆောင်တာပေါ့။ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း (စစ်ကောင်စီ)တပ်တွေ မြို့ကိုစစ်ကြောင်းထိုးခဲ့ရင် ကာကွယ်ဖို့အတွက် စီစဉ်ဆောင်ရွက်စရာရှိတာတွေ ဆောင်ရွက်တယ်ပေါ့။ နောက်ပြီးတော့ စစ်ရှောင်သွားတဲ့ပြည်သူတွေရဲ့ အိမ်တွေဖောက်ထွင်းမှုတွေ၊ ခိုးမှုတွေမဖြစ်အောင်လို့ ကင်းလှည့်ကြည့်ရှုတာတွေ လုပ်ဆောင်နေတယ်ဗျ” ဟုဆိုသည်။

အင်းတော်မြို့နယ်အပါအဝင် စစ်ကိုင်းတိုင်း တစ်တိုင်းလုံးနီးပါးတွင် ယခင်ကတည်းက NUG အုပ်ချုပ်ရေး ယန္တရားအားလုံး ထူထောင်ထားပြီးဖြစ်သည့်အတွက် တာဝန်ရှိသူများအနေဖြင့် ပြည်သူ့မျက်နှာကြည့်ဖို့သာလိုကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“နဂိုကတည်းက အုပ်ချုပ်ရေး၊ တရားစီရင်ရေးအားလုံးက ထူထောင်ထားပြီးသား။ စနစ်တကျ ပကဖ၊ ပအဖ၊ ပလဖဖွဲ့ထားပြီးသား။ နောက် ပညာရေး၊ ကျန်းမာရေး အားလုံးရှိထားပြီးသား။ တစ်ခုရှိတာက အဲဒီအဖွဲ့မှာပါတဲ့လူတွေ အရည်အချင်းပြည့်မီဖို့၊ မှန်မှန်ကန်ကန်လုပ်ဖို့၊  လူထုမျက်နှာကြည့်ဖို့ပဲလိုတယ်” ဟုဆိုသည်။

မော်လူးမြို့အတွင်း စစ်ကောင်စီတပ်သားနှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်းတပ်စွဲထားသည့်နေရာများမှ တစ်ခုသာကျန်ရှိတော့သည့် မော်လူးမြို့ရဲစခန်းကို ကျောင်းသားတပ် ABSDF၊ KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်နေ့က တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က စစ်ကိုင်းတိုင်းအတွင်းရှိ ကောလင်း၊ ခမ်းပတ်၊ ရွှေပြည်အေးမြို့ စသည့်မြို့သုံးမြို့ကို သိမ်းပိုက်ထားပြီးနောက် မော်လူးမြို့ကို ထပ်မံသိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

သတင်း – Thu Ta

ဓါတ်ပုံ – အင်းတော်မြို့အလှပုံရိပ်များ

သင့်ထင်မြင်ချက်ရေးပေးပါ