သားအဖနှစ်ဦးစကားများရန်ဖြစ်ရာမှာ အချင်းချင်းဓာတ်ဆီလောင်းမီးရှို့ခဲ့ကြသောကြောင့် ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်တွင် သားအဖနှစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

အခန်းတံခါးပိတ်ထားပြီး စကားများရန်ဖြစ်ကြရာမှ အချင်းချင်းဓာတ်ဆီးလောင်းမီးရှို့ခဲ့ရာမှ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ခမ်းတီလုန်ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“အိမ်ရှင်ပြောတာတော့ အမြဲတမ်းရန်ဖြစ်တယ်၊ အဖေနဲ့မဖြစ်ရင် မိန်းမနဲ့ဖြစ်လိုက် ရန်ရှာလိုက်လုပ်တယ်တဲ့။ အဲ့နေ့ကလည်း သာမန်ရန်ဖြစ်တာပဲထင်ပြီး မဆင်းကြည့်လိုက်တာတဲ့။ အပေါ်ထပ်မှာ အရက်သောက်နေတာ မီးမီးလို့အရမ်းအော်တော့ သူ့အိမ်ကမီးလောင်နေတာတဲ့။ ရန်ဖြစ်တဲ့ သားအဖနှစ်ယောက်ကလည်း ချက်ချထားတယ် အထဲမှာနှပန်းသတ်ကြပြီး မီးလောင်နေတာ” ဟုပြောသည်။

သေဆုံးခဲ့သူနှစ်ဦးမှာ မြစ်ကြီးနားမြို့မှ ပူတာအိုမြို့သို့ စီးပွားရေးလာရောက်လုပ်ကိုင်သူများဖြစ်ကာ အိမ်ငှားနေထိုင်သူများဖြစ်ကြပြီး မီးငြိမ်းသတ်နိုင်ခဲ့ခြင်းမရှိပါက တစ်ရပ်ကွက်လုံးမီးလောင်သွားနိုင်ကြောင်း သူကဆက်ပြောသည်။

“အဲ့နားက လက်ဖက်ရည်ဆိုင်နဲ့ တိုင်းကျော်ဆီဆိုင်က မီးသတ်ဘူးတွေယူလာပြီးမှ ငြိမ်းနိုင်သွားတယ်။ မငြိမ်းနိုင်ရင် အဲ့ရပ်ကွက်က အိမ်တွေတစ်လုံးမှကျန်မှာမဟုတ်ဘူး” ဟုပြောသည်။

ဖခင်ဖြစ်သူ အသက် ၆၅ နှစ်ခန့်အရွယ်ရှိ ဦးအောင်ဝင်းဆိုသူမှာ ဒီဇင်ဘာ ၁၉ ရက်နေ့က သေဆုံးခဲ့ပြီး သားဖြစ်သူ အသက် ၃၀ နှစ်ခန့်အရွယ်ရှိ ကိုအောင်ချမ်းမြေ့ဝင်းဆိုသူမှာ အခင်းဖြစ်သည့်  ဒီဇင်ဘာ ၁၈ ရက်နေ့က သေဆုံးခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ အပြန်အလှန်မီးရှို့သေဆုံးခဲ့သည့်ဖြစ်စဉ်မှာ ပူတာအိုမြို့တွင် ပထမဦးဆုံးအကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မိုးညှင်းမြို့နယ်၊ နမ္မားမြို့ လက်ပံတန်းကျေးရွာတွင်လည်း ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက်နေ့က ညီအစ်ကိုနှစ်ဦး အချင်းများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွားကာ နှစ်ဦးစလုံးသေဆုံးခဲ့သည်။

 

သတင်း – Dureng

ဓာတ်ပုံ – ခမ်းတီလုန်ပရဟိတအသင်း FB page

သင့်ထင်မြင်ချက်ရေးပေးပါ