ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ခိုင်တံတားရှိ စစ်ကောင်စီတပ်စခန်းကို ယနေ့ နံနက် ၁၀ နာရီခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် အဓိက အသုံးပြုနေသောလမ်းမပေါ်ရှိ နမ့်ခိုင်တံတားစစ်ဆေးရေးဂိတ်ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဟု KIA သတင်းရင်းမြစ်တစ်ဦးက The 74 Media ကို ပြောသည်။

“စဝင်တာတော့ မနေ့ညကစဝင်တာ သိမ်းယူရရှိတာတွေနဲ့ တခြားအချက်အလက်တွေက အသေးစိတ် မရသေးဘူး ပြောလို့အဆင်မပြေသေးဘူး။ အခုတော့ ကွတ်ခိုင်မှာလည်း အသံထွက်နေပြီ မနက်ကတည်းက” ဟုပြောသည်။

နမ့်ခိုင်တံတားစစ်ဆေးရေးဂိတ်သည် မူဆယ် – မန္တလေး – လားရှိုးကားလမ်းမပေါ်ရှိ တစ်ခုတည်းသော ဂိတ်ဖြစ်ပြီး ကချင်လွတ်မြောက်ရေးတပ် (KIA) က တပ်စွဲနေထိုင်မည်ဖြစ်ကြောင်း မူဆယ်မြို့နေ KIA နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“နမ့်ခိုင်တံတားကတော့ အရမ်းအရေးကြီးပါတယ် တခြားလမ်းမရှိဘူး ဒီလမ်းပဲရှိတယ်။ KIA တွေ တပ်စွဲဖို့ စီစဉ်နေပါတယ်။ ပစ္စည်းတော့ တော်တော်များမယ်ထင်တယ်၊ အသေးစိတ်တော့ မသိရသေးပါဘူး။ ဆက်ရှာနေတယ်လို့ပြောပါတယ်” ဟု ပြောသည်။

KIA တပ်မဟာ ၄၊ ၆ နှင့် ၁၀ ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ သေနတ် ၁၀ လက် သိမ်းဆည်းရမိသည်ဟု ကနဦးသိရပြီး ထိခိုက်သေဆုံးမှုနှင့် အသေစိတ်အချက်အလက်များကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ကွက်ခိုင်မြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီခန့်မှစတင်ကာ ပစ်ခတ်တိုက်ခိုက်သံများ စတင်ထွက်ပေါ်နေပြီး လက်ရှိအချိန်တွင်လည်း တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း အသက် ၂၉ နှစ်ခန့်အရွယ်ရှိ ကွတ်ခိုင်ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“ညညဆိုရင်အသံတော့ နည်းနည်းပါးပါးထွက်နေကျပဲ ဒါပေမဲ့ ဒီမနက်တော့ တိုက်ပွဲအသံစထွက်နေတာ။ အခုတော့အားရပါရချနေကြတဲ့အသံကြားနေရတယ်။ ရပ်ကွက်တွေမှာ လက်နက်ကြီးကျတယ်လည်း ကြားတယ်။ ဈေးရဲ့အပေါ်ဘက်မှာလည်း ကျတယ်တဲ့” ဟုပြောသည်။

ကွတ်ခိုင်မြို့နယ် လွယ်ဆိုင်တောင်ရှိ စစ်ကောင်စီတပ်စခန်းကိုလည်း ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်ပေါင်းစုများက ဝင်ရောက်တိုက်ခိုက်နေပြီး ရပ်ကွက်များအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများ ရှိနေကြောင်းသိရသည်။

မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ရှိ ရဲစခန်းနှင့် စစ်ကောင်စီတပ်စခန်းများကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်နေ့က သွားရောက်တိုက်ခိုက်ခဲ့ပြီး တာမိုးညဲနှင့် မုံးစီးဒေသရှိ ပြည်သူ့စစ်စခန်းများကိုလည်း တိုက်ခိုက်သိမ်းပိုက်ထားသည်။

သတင်း – Zami, Pan Soon

သင့်ထင်မြင်ချက်ရေးပေးပါ