ပူတာအိုမြို့နယ် မချမ်းဘော့မြို့၊ အင်ခါဂါးကျေးရွာမှ စစ်ကောင်စီတပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက KIA တပ်ဖွဲ့ပစ်ခတ်မည်ကို စိုးရိမ်ပြီး ယခုအပတ်အတွင်း စခန်းစွန့်ခွာထွက်ပြေးသွားကြောင်းသိရသည်။

အင်ခါဂါးကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့တို့က  ပူးပေါင်းတပ်စွဲထားသည့် တပ်စခန်းမှ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်နေ့က ရိက္ခာများချန်ထားပြီး ထွက်ပြေးသွားသည်ဟု KIA နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“လက်နက်တွေတော့အားလုံးယူသွားတယ်။ စားစရာတွေနဲ့တခြားအသုံးအဆောင်ပစ္စည်းတွေကိုတော့ ချန်ထားတယ်။ ဒီဘက်ကတောင်စတာ မင်းတို့အဲ့လောက်ပြင်ဆင်ပြီးလာမှတော့ တစ်ခုခုကိုပစ်ပြီး ပြန်လာပေါ့လို့တောင်စလိုက်သေးတယ်” ဟုပြောသည်။

အင်အား (၅၀) ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံစက်လှေသမားများကို မချမ်းဘော့ကြိုးတံတားအနီးရှိ နောင်ခိုင်စက်လှေဆိပ်သို့ လိုက်လံပို့ခိုင်းခဲ့သည်ဟု စစ်လှေမောင်းသူတစ်ဦးက The 74 Media ကိုပြောသည်။

“သူတို့(စစ်ကောင်စီတပ်ဖွဲ့) စက်လှေလေးစီးနဲ့ တက်လာတာတော့ သိလိုက်တယ်။ ထွက်ပြေးသွားတာလား ဘယ်လိုလားတော့မသိဘူး။ အခုတလောက ဒီဘက်တိုက်ပွဲတော့မဖြစ်ဘူးနော်။ စက်လှေသမားတွေတော့ သူတို့ကို နောင်ခိုင်စက်လှေဂိတ်ထိ လိုက်ပို့ထားလိုက်တာဟုတ်တယ်” ဟုပြောသည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) က လာရောက်တိုက်ခိုက်မည်ကို စိုးရိမ်သောကြောင့် ထွက်ပြေးတိမ်းရှောင်သွားကြခြင်းဖြစ်ကြောင်း KIA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“လာပစ်မယ်ဆိုတာ သိပုံရတယ်။ အဲ့ဒီတော့ သူတို့က တစ်ရက်လောက်စောပြီး ထွက်ပြေးသွားကြတာ။ ပြည်သူ့စစ်စခန်းနဲ့ စစ်ကောင်စီစခန်းနှစ်ခုကိုတော့ မီးရှို့ဖျက်ဆီးခဲ့တယ်တဲ့။ အဲ့ဒီတပ်ကို ပစ်ဖို့ လက်နက်ကြီးချဖို့ ခြုံတွေရှင်းတဲ့အချိန် ချိန်းဆောသံတွေ ကြားသွားပုံရတယ်။ ပစ်တောင် မပစ်ရသေးဘူး ထွက်ပြေးသွားနှင့်ပြီလို့ပြောတယ်” ဟုပြောသည်။

လက်ရှိအချိန်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) က အဆိုပါတပ်စခန်းရှိ အဆောက်အဦးများကို မီးရှို့ဖျက်ဆီးလိုက်ပြီဖြစ်ကြောင်းသိရသည်။

အင်ခါဂါးကျေးရွာသည် ရေလမ်းခရီးသာရောက်သောကျေးရွာဖြစ်ပြီး မချမ်းဘော့မြို့မှ စက်လှေဖြင့် နှစ်နာရီခန့်ကြာသွားရသော အကွာအဝေးတွင်တည်ရှိပြီး ၂၀၁၃ ခုနှစ်က မြန်မာစစ်တပ်နှင့် KIA တို့ကြား တိုက်ပွဲဖြစ်ပွားချိန် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ကျေးရွာများတွင် တစ်ခုအပါအဝင်ဖြစ်သည်။

သတင်း – Doi Awng, Pan soon, Dureng

ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်

သင့်ထင်မြင်ချက်ရေးပေးပါ