KIA ကပြည်သူ့စစ်စခန်းတိုက်ခိုက်သိမ်းပိုက်ခဲ့သည့် တာလောကြီးကျေးရွာအနီးရှိ ဆင်ဘိုမြို့နယ် ဆွမ်ဒူကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှလေးကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူနှစ်ဦးသေဆုံးခဲ့ပြီး သံဃာတော်တစ်ပါးအပါအဝင် လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်နေ့က စစ်ကောင်စီတပ်က ဗုံးကြဲခဲ့သောကြောင့် ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များပေါ်တွင် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ကချင်လွတ်မြောက်ရေးတပ် (KIA) သတင်းရင်းတစ်ဦးက The 74 Media ကို ပြောသည်။

 

“အဲ့ဒီရွာမှာက တိုက်ပွဲမဖြစ်ဘူး။ အရင်နေ့က တိုက်ပွဲဖြစ်တာက တာလောကြီးဘက်ပါ ဒီရွာနှစ်ရွာက အရမ်းဝေးတယ်။ လေယာဉ်ဗုံးလေးခုထဲက တစ်ခုတော့မကွဲဘူး” ဟုပြောသည်။

အဆိုပါဗုံးလေးလုံးမှ ဧရာဝတီမြစ်ကမ်းတွင်တစ်လုံး၊ ဘုန်းကြီးကျောင်းဝင်းအတွင်းတစ်လုံးနှင့် နေအိမ်အတွင်းတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်နှင့် ဘုန်းကြီးကြီးကြားတွင် တစ်လုံးကျရောက်ခဲ့ကြောင်း သိရသည်။

 

သေဆုံးခဲ့သူနှစ်ဦးမှာ အသက် (၄၁) နှစ်ခန့်အရွယ်ရှိ ဦးကျော်သူနှင့် အသက် (၄၀) နှစ်ခန့်အရွယ်ရှိ မပိုင်ဆိုသူတို့ဖြစ်ပြီး သံဃာတော်တစ်ပါး၊ အသက် (၆၅) နှစ်ခန့်အရွယ်ရှိ ဦးလတ်ဝေ၊ အသက် (၁၇) နှစ်ခန့်အရွယ်ရှိ မတင်ဖြိုးဝေနှင့် မပိုင်၏အမျိုးသားဖြစ်သူတို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

 

ဝိုင်းမော်မြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာလျက်ရှိပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် ရွှေညောင်ပင်ကျေးရွာမှ ဒေသခံပြည်သူများက အောင်မြေ (၁) ကျေးရွာ၊ ဝိုင်းမော်မြို့နှင့် မြစ်ကြီးနားမြို့သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် PDF ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ပြည်သူ့စစ်တပ်စခန်းနှစ်ခုကိုလည်း KIA က ထိန်းချုပ်ထားပြီးဖြစ်ကြောင်း သိရသည်။

 

သတင်း – Pan Soon

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ