ကချင်လွတ်မြောက်ရေးတပ် (KIA) က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ပြည်သူ့စစ်စခန်းမှ ထွက်ပြေးလာသူဟု ယူဆရသည့် တပ်သားရှစ်ဦး ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာသို့ ရောက်ရှိခဲ့ပြီး ဒေသခံပြည်သူများကို စစ်ကောင်စီတပ်သို့လိုက်ပို့ခိုင်းခဲ့ကြောင်း သိရသည်။

ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ပါလာသည့် သေနတ်များကို အင်္ကျီများဖြင့် ဖုံးအုပ်ကာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်နေ့က ရွှေညောင်ပင်ကျေးရွာသို့ ရောက်ရှိလာခြင်းဖြစ်သည်ဟု ရပ်မိရပ်ဖတစ်ဦးက The 74 Media ကိုပြောသည်။

“အစကတော့ ကျွန်တော်တို့ထင်တာက PDF တွေလို့ထင်ကြတာ နောက်တော့မှာသေနတ်တွေကြည့် သူတို့ကို ကောင်းကောင်းပြန်ကြည့်မှ လီဆူကလေးတွေဖြစ်နေတာနဲ့ ပြည်သူ့စစ်မှန်းသိသွားတာ။ သူတို့ပုံစံက တစ်နေ ရာရာကနေပြေးလာကြတဲ့ပုံပဲ သေနတ်တွေကိုကျ သူတို့အဝတ်ချွတ်ပြီးအုပ်ထားတာ ဝှက်ထားတဲ့ပုံစံပေါ့” ဟုပြောသည်။

အဆိုပါလူငယ်နှင့် လူလတ်ပိုင်းအရွယ် ပြည်သူ့စစ်တပ်ဖွဲ့ဝင်ရှစ်ဦးမှာ သေနတ်များကို အဝတ်များဖြင့်ဖွက်ကာ ရွာသို့ရောက်ရှိလာပြီး ဒေသခံပြည်သူများကို တပ်စခန်းကို ပြန်လိုက်ပို့ခိုင်းခဲ့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောသည်။

“သူတို့နေရာကိုသွားချင်တယ်ဆိုလို့ ရွာထိပ်ကသူတွေပို့လိုက်လောက်ပြီ။ သူတို့က အင်္ကျီချွတ်ပြီး သေနတ်တွေကိုထုတ်ထားတာ။ တစ်ဖွဲ့က တစ်ယောက်ထွက်လာပြီး လုံခြုံတဲ့နေရာကိုထားပေးပါပြောတယ် ငါးယောက်လောက်ရှိတယ်ဆိုလို့ ကားလမ်းဘက်ကိုသွားလို့ပြောလိုက်ပြီ။ ငိုပြီးရောက်လာတာတောင်ပါတယ်” ဟုပြောသည်။

ရောက်ရှိလာသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များမှာ ဆယ်ကျော်သက်အရွယ်လူငယ်များလည်းပါဝင်ပြီး‌ နောက်ကျောတွင် ဒဏ်ရာရရှိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကလည်း ရွှေညောင်ပင်ကျေးရွာရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခ.မ.ရ (၃၂၁) သို့လိုက်ပို့ခိုင်းကြောင်း သူကဆက်ပြောသည်။

“စပါးခြွေနေတဲ့ဘက်ကို နှစ်ယောက်ထွက်လာတာရှိတယ်။ တစ်ယောက်က ကျောမှာဒဏ်ရာရှိတယ်။ သေနတ်ပါတယ်။ ထွက်ပြေးပြီးဘယ်ရောက်မှန်မသိတော့လို့နေမှာ ၃၂၁ ဘယ်နားမှာလဲဆိုလို့ လိုက်ပို့ပေးလိုက်တယ်။ ဗမာစစ်သားတွေဟုတ်တယ်” ဟုပြောသည်။

မြစ်ကြီးနား – ဗန်းမော်လမ်းပေါ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်ကလည်း လက်နက်ခဲယမ်းများတင်ဆောင်လာသည့် စစ်ကောင်စီတပ်၏ အိမ်စီးကားနှစ်စီးကို KIA တပ်က ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့ပြီး ကားနှစ်စီးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ရွှေညောင်ပင်ကျေးရွာအနီးရှိ တာလောကြီးကျေးရွာနှင့် ဘော်ဆာဒီးကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်စခန်းနှစ်ခုကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာလျက်ရှိသည့် ဝိုင်းမော်မြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် ရွှေညောင်ပင်ကျေးရွာမှ ဒေသခံပြည်သူများက အောင်မြေ (၁) ကျေးရွာ၊ ဝိုင်းမော်မြို့နှင့် မြစ်ကြီးနားမြို့သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

သတင်း – Zami

ဓါတ်ပုံ – ရွှေညောင်ပင်ကျေးရွာရှိ ပြည်သူ့စစ်စခန်းတိုက်ခိုက်သိမ်းပိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးပြုလုပ်စဉ်မြင်ရပုံ

သင့်ထင်မြင်ချက်ရေးပေးပါ