ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာလျက်ရှိသည့် ဝိုင်းမော်မြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသောကြောင့် ရွှေညောင်ပင်ကျေးရွာမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲဖြစ်ပွားချိန်တိုင်း ရွှေညောင်ပင်ကျေးရွာရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခ.လ.ရ (၃၂၁) က လက်နက်ကြီးပစ်ကူလေ့ရှိပြီး ဒေသခံပြည်သူများက အောင်မြေ (၁) ကျေးရွာရှိ ဘုရားကျောင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“ခဏလေးအတွင်းမှာဖြစ်သွားတော့ စိတ်မကောင်းဖြစ်နေရတယ်။ တစ်ရွာလုံးထွက်ပြေးရတာ တစ်ယောက်၊ နှစ်ယောက်လောက်ပဲကျန်မှာ။ ကချင်တွေက အောင်မြေ(၁) ဘက်ကိုရှောင်တယ်။ တခြားဗမာနဲ့ ရှမ်းတွေက သူတို့နီးစပ်ရာ ဝိုင်းမော်နဲ့ မြစ်ကြီးနားဘက်ကိုရှောင်ကြတယ်” ဟုပြောသည်။

စပါးများရိတ်ထားပြီးဖြစ်သော်လည်း မသိမ်းရသေးဘဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရသဖြင့် စိုးရိမ်မှုများရှိနေကြောင်း ဒေသခံများကပြောသည်။

အောင်မြေ (၁) ကျေးရွာ ဘန်ဆဇီးအုံ (Bansa Zi-un) နှစ်ခြင်းဘုရားကျောင်းနှင့် ကျေးရွာအတွင်းရှိ နေအိမ်များတွင် တိမ်းရှောင်နေကြရပြီး ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ ရာသီဥတုဒဏ်ကြောင့် အခက်အခဲကြုံနေရကြောင်း သိရသည်။

ထွက်ပြေးတိမ်းရှောင်လာသည့် အိမ်ထောင်စု ၆၀ ခန့်၊ လူဦးရေ ၃၀၀ ခန့်အတွက် အစားအသောက်နှင့် အရေးပေါ်အကူအညီများလိုအပ်နေခြင်းဖြစ်ကြောင်း ဘန်ဆဇီးအုံနှစ်ခြင်းအသင်းတော်မှ ဆရာတစ်ဦးက ပြောသည်။

“အခက်အခဲကအများကြီးရှိနေတယ်။ အရေးပေါ်ဖြစ်နေတော့ အိပ်တဲ့နေရာကအစ အသုံးဆောင်ပစ္စည်းအဆုံး အားလုံးလိုအပ်နေတယ်။ သူတို့က ဟိုနေ့ကပဲရောက်လာတော့ ဘယ်အချိန်ပြန်ရမလဲမသိရတော့ တိုက်ပွဲအခြေအနေလည်းမပြောတတ်ဆိုတော့ အားလုံးခက်ခဲနေရတယ်” ဟုပြောသည်။

ယမန်နေ့ညနေ ၃ နာရီခန့်ကလည်း အောင်မြေ (၁) ကျေးရွာ လီဆူပြည်သူ့စစ်စခန်းမှ ထွက်ထာသည့် အင်အား ၁၅ ဦးခန့်ပါရှိသည့် တုန်ဟုန်းကားကိုလည်း ရွှေညောင်ပင် ရပ်ကွက် (၅) ဖော့စက်ရုံအနီးတွင် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာနှင့် ဘော်ဆာဒီးကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းနှစ်ခုကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ် (KIA) က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရမိခဲ့သည်။

သတင်း – Doi Awng
ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ