ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့သိမ်းတိုက်ပွဲတွင် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA)မှ တပ်ဖွဲ့ဝင် ၄၉ ကျဆုံးပြီး ၁၄၅ ထိခိုက် ဒဏ်ရာရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်နေ့မှစတင်ကာ ဒီဇင်ဘာ ၁၉ ရက်နေ့အထိ တစ်လကျော်အတွင်း စစ်ကောင်စီတပ်စခန်း ၁၃ ခုနှင့် မြို့အတွင်းရှိ ဌာနဆိုင်ရာရုံးများအားလုံးကို ယနေ့မွန်လွဲတစ်နာရီခွဲခန့်က အလုံးစုံသိမ်းပိုက် ထိန်းချုပ်ထားနိုင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ စကခ – ၇ လက်အောက်ခံ ခြေလျင်တပ်ရင်း (ခ.လ.ရ-၂၆၁)၊ ခြေမြန်တပ်ရင်း (ခ.မ.ရ – ၄၂၃၊ ၄၂၅၊ ၄၂၆၊ ၁၄၃)နှင့် ဒကစတို့က လာရောက်တပ်စွဲထားသော ကံ့ကော်စခန်း၊ ၁၂ မိုင်စခန်း၊ ၁၃ မိုင်စခန်း၊ မိုက်ခရိုဝိတ်စခန်း၊ ပန်ဆေးစခန်း၊ တာကွန့်စခန်း၊ ဟဲယိုင်စခန်း၊ မိုင်းဝီးတပ်စခန်း၊ ထိန်ကန်တပ်စခန်း၊ မန်ပူးတပ်စခန်း၊ မန်ဝိန်တပ်စခန်း၊ ရဲစခန်းနှင့် မြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

စခန်းသစ်ဗျူဟာကုန်းတိုက်ပွဲတွင် စစ်ကောင်စီ ဗိုလ်မှူးအဆင့်ရှိသူအပါအဝင် ရုပ်အလောင်းများစွာကို တွေ့ရှိခဲ့ပြီး သုံးဦးအရှင်ဖမ်းမိကာ လက်နက်ကြီးအပါအဝင်၊ လက်နက်ခဲယမ်းမျိုးစုံနှင့် စစ်အသုံးအဆောင်ပစ္စည်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် (၂၆၀) ကြိမ်၊ Y8 လေယာဥ်ဖြင့် (၃၅) ကြိမ်၊ Y12 လေယာဥ်ဖြင့် (၄၀) ကြိမ်နှင့် Mi35 ဖြင့် (၂၅) ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပေါင် (၅၀၀) ဗုံး ၁၂ လုံးနှင့် အဆိပ်ငွေ့ပါသောဗုံးခြောက်လုံး အသုံးပြုခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

စစ်ကောင်စီတပ်၏ လေကြောင်းသုံးပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကလေးငယ်သုံးဦးအပါအဝင် ၁၃ ဦး သေဆုံးပြီး ၄၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဘာသာရေးအဆောက်အဦးများ၊ ဆေးရုံနှင့် လူနေအိမ် ၇၀ လုံးခန့် ထိခိုက်ပျက်စီးခဲ့ပြီး နေအိမ် ၂၄ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ညီနောင်မဟာမိတ်တပ်နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေတင်းမာနေပြီး “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည့် အောက်တိုဘာလ ၂၇ ရက်မှ ယမန်နေ့အထိ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က စစ်ကောင်စီတပ်စခန်းပေါင်း ၇၀ ခန့်ကို သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။

သတင်း – Dureng
ဓာတ်ပုံ – PSLFနှင့် TNLA သတင်းနှင့် ပြန်ကြားရေးဌာန

သင့်ထင်မြင်ချက်ရေးပေးပါ