ကချင်ပြည်နယ်အနှံ့အပြားတွင် တိုက်ပွဲများမကြာမဏဖြစ်ပွားနေသော်လည်း Dragon Music Festival ဟုအမည်ပေးထားသည့် ဂီတပွဲတော်ကို ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် မြစ်ကြီးနားမြို့ မိုးလုံလေလုံကွင်းတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးမတည်မငြိမ်ဖြစ်နေချိန် ကိုယ်ကျိုးစီးပွားရှာသူများအနေဖြင့် မည်သည့်ပွဲတော်မျှ မပြုလုပ်သင့်ကြောင်း မြစ်ကြီးမြို့ခံအနုပညာရှင်တစ်ဦးက The 74 Media ကိုပြောသည်။

“ဘာရည်ရွယ်ချက်နဲ့လုပ်လဲတော့ မသိဘူး။ အခုလိုအချိန်မှာပွဲလုပ်ဖို့ မသင့်တော်ဘူးလေ။ ကိုယ်ကျိုးစီးပွားရှာတဲ့သူတွေအနေနဲ့လည်း အခုလိုအချိန်မှာ ပွဲလုံးဝမလုပ်သင့်ဘူးလို့မြင်ပါတယ်။ ဒီနှစ်အတွင်း မိုးလုံးလေလုံကွင်းမှာလည်း ပွဲတွေတစ်ခုပြီးတစ်ခု လုပ်နေတာ။ ဒီလိုအချိန်မှာ ပွဲတွေအများကြီးလုပ်တာတော့ မလိုလားပါဘူး” ဟုပြောသည်။

လက်ရှိအချိန်တွင် လက်နက်ကိုင်အဖွဲ့များက တပ်သားသစ်စုဆောင်းခြင်းများရှိနေသည့်အပြင် ဗုံးပေါက်ကွဲမှုများကြောင့် လုံခြုံမှုမရှိသည့်အခြေအနေဟု ခံစားရသောကြောင့် ဂီတပွဲတွင်ပါဝင်မည်မဟုတ်ကြောင်း မြို့ခံ လူငယ်တစ်ဦးကပြောသည်။

“မသွားဘူး။ ဘာလို့လဲဆိုတော့ အခုချိန်မှာ ပေါ်တာဆွဲတာအရမ်းများတယ်လို့ကြားတယ်။ ပြီးတော့ သွားရင်လည်း ပျော်မှာမဟုတ်ဘူး။ လုံခြုံမှုမရှိဘူးလို့ စိတ်ကခံစားနေရလို့လေ” ဟုပြောသည်။

အဆိုပါ မိုးလုံလေလုံအားကစားကွင်းသည် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မြို့တော်ခန်းမ၊ လူဝင်မှုကြီးကြပ်ရေးရုံး၊ ပြည်နယ်ရဲတပ်ဖွဲ့ရုံးနှင့် စုပေါင်းရုံးကြားတွင်တည်ရှိပြီး စစ်ကောင်စီကလည်း မကြာခဏပွဲပြုလုပ်ကျင်းပလေ့ရှိသောနေရာဖြစ်သည်။

ပွဲဝင်ကြေးအနေဖြင့် တစ်ဦးလျှင် မြန်မာငွေ ကျပ်ခြောက်သောင်းခွဲမှ ရှစ်သောင်းခွဲခန့်ရှိပြီး VVIP Table တစ်ခုလျှင် ငွေကျပ်သိန်းနှစ်ဆယ်ဖြစ်ကြောင်း သိရသည်။

လာရောက်ဖျော်ဖြေမည့်သူများတွင် အဆိုတော် ရဲရင့်အောင်၊ လွှမ်းပိုင်၊ ထက်ယံ၊ မေရီနှင့် Young Hugo တို့ ပါဝင်မည်ဖြစ်ပြီး မြစ်ကြီးနားလေဆိပ်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးစစ်ဆေးခံခဲ့ရသည့် DJ Violet နှင့် အခြား ဒီဂျေသမားများလည်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာရှိ ပြည်သူ့စစ်စခန်းနှစ်ခုကို ကချင်လွတ်မြောက်ရေးတပ် (KIA) က သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့မှစတင်ကာ စစ်ရေးအခြေအနေ တင်းမာလျက်ရှိပြီး မြစ်ကြီးနား – ဗန်းမော်လမ်းတွင်လည်း စစ်ကောင်စီနှင့် KIA တို့ကြား မကြာခဏတိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

သတင်း – Pan Soon

သင့်ထင်မြင်ချက်ရေးပေးပါ