မြစ်ကြီးနားမြို့ စစ်ကောင်စီခြေလျင်တပ်ရင်း ခ.လ.ရ ၃၇ တပ်စခန်းအနီးရှိ နေအိမ်တစ်အိမ်တွင် ယမန်နေ့ မွန်းလွှဲ ၂ နာရီခွဲခန့်က အိမ်စီးကားတစ်စီးခိုးယူခံခဲ့ရကြောင်း သိရသည်။

ရွက်လှမြိုင်ရပ်ကွက်ရှိ အိမ်ခြံဝင်းအတွင်းရပ်ထားသော ကားတစ်စီးကို ပိုင်ရှင်များမရှိချိန် လာရောက်ခိုးယူသွားခြင်းဖြစ်သည်ဟု ကားပိုင်ရှင်အမျိုးသားက The 74 Media ကိုပြောသည်။

“ကျွန်တော်လည်းမရှိဘူး၊ အမျိုးသမီးက ကလေးသွားကြိုတဲ့အချိန် ခဏပဲဖြစ်သွားတာ။ တခြားပစ္စည်းတွေတော့ မယူသွားဘူး။ ကားပဲသီးသန့်ယူသွားတယ်။ ကျွန်တော့ကားက နောက်ဖုံးမှာလည်းပိန့်ထားတဲ့အရာရှိတယ်။ အလယ်ထိုင်ခုံလည်းထောင်မရလို့ လဲထားရတယ်” ဟုပြောသည်။

ALPHARD အမျိုးအစား ကားတစ်စီးဖြင့် ရောက်ရှိလာသည့် အမျိုးသားသုံးဦးက လာရောက်ခိုးယူသွားခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့်အမျိုးသားတစ်ဦးက ပြောသည်။

“ကျွန်တော်လည်း အဲ့အိမ်ရှေ့ကပဲသွားလိုက်တာ။ အဲ့မှာ ကားတစ်စီးလူသုံးယောက်တွေ့လိုက်တယ်။ ဒါပေမဲ့ကျွန်တော်ထင်တာက အိမ်ရှင်လည်းအရောင်းအဝယ်ပဲလုပ်တယ်ဆိုတော့ သူငယ်ချင်းတွေပဲထင်တာ အဲ့အချိန်မှာခိုးခံလိုက်ရတယ်” ဟုပြောသည်။

ခိုးယူခံခဲ့ရသောကားမှာ TOYOTA WISH 2003 Model အမျိုးအစားကားဖြစ်ပြီး တွေ့ရှိပါက ဖုန်းနံပါတ် ၀၉၇၈၁၈၄၂၀၁၁ သို့ ဆက်သွယ်အကြောင်းကြားပေးစေလိုကြောင်း ကားပိုင်ရှင်ကပြောသည်။

ဆိုင်ကယ်နှင့် ဖုန်းခိုးယူခံရမှုအပြင် အိမ်စီးကားခိုးယူခံရမှု ပိုမိုအဖြစ်များလာပြီး သက်ဆိုင်ရာသို့တိုင်ကြားခြင်းထက် ကားအရောင်းပွဲစားကုမ္ပဏီ အစုအဝေးများတွင်သာ အချင်းချင်းကူညီရှာဖွေနေကြကာ မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ပထမတစ်ပါတ်အတွင်း အိမ်စီးကားသုံးစီးခိုးယူခံခဲ့ရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ